မန်းလေးတိုင်း မိုးကုတ်မြို့မှာ ဧပြီ ၂၄ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်က သပိတ်ခေါင်းဆောင် ဦးထက်နိုင်အိမ်ကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်ရှာဖွေပြီး ဦးထက်နိုင်ရဲ့ ဓာတ်ပုံကိုယူဆောင်သွားတယ်လို့ ကာယကံရှင်က ပြောပါတယ်။
အိမ်ကမိသားစုတွေက အိမ်မှာမနေဘဲ ရှောင်နေကြတာဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုက အိမ်ထဲဝင်မွှေကာ ဓာတ်ပုံကို ယူသွားတယ်လို့ ဆိုပါတယ်။
အမျိုးသားစာပေဆုရ ဆရာထက်နိုင်(တလုတ်) ကို အကြမ်းဖက်စစ်အုပ်စုက မိုးကုတ်မြို့မှာ သပိတ်စစ်ကြောင်းတွေ စထွက်ကတည်းက ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆိုထားတာဖြစ်ပြီး ဒီနေ့မှာတော့ နေအိမ်ကို ဝင်ရောက်ရှာဖွေတာဖြစ်ပါတယ်။
မိုးကုတ်မြို့မှာ ဒီနေ့မနက်ပိုင်းကလည်း စစ်အာဏာရှင်စနစ် ကျဆုံးရေး ရပ်ကွက်ပေါင်းစုံ သပိတ်စစ်ကြောင်းကို မိုးကုတ်အနောက်ပိုင်းမှာပြုလုပ်ခဲ့ပါတယ်။
မိုးကုတ်မြို့က ရပ်ကွက်တွေမှာ အကြမ်းဖက်စစ်အုပ်စုက တပ်ဖြန့်ပြီး ဖိနှိပ်နေပေမယ့် ပြည်သူ ရာနဲ့ချီဟာ စစ်အာဏာရှင်စနစ် ကျဆုံးရေးသပိတ်စစ်ကြောင်းကို ၇၆ ရက်ထိ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။
အကြမ်းဖက်စစ်အုပ်စုက ရပ်ကွက်တွေထဲဝင်ဖမ်းဆီးပြီး ပစ်သတ်တာတွေလည်း ရှိနေသလို CDM ဝန်ထမ်းတွေကိုလည်း ဆက်တိုက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။