ဓနုဖြူမှာ ဒီနေ့မနက် ၈ နာရီက စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်စစ်ကြောင်းထွက်ပြီး စုရပ်ပြန်ခါနီးအချိန် အကြမ်းဖက်ရဲနဲ့စစ်သားတွေက စစ်ကားအကြီးနဲ့ သပိတ်စစ်ကြောင်းကို ရုတ်တရတ်ဝင်တိုက်ပြီး ရက်စက်စွာ ဖြိုခွင်းခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီလုပ်ရပ်ကြောင့် အခြေခံပညာကျောင်းက ကလေး ၁ ဦး ဗိုက်မှာ ဒဏ်ရာရသွားပြီး ဆေးရုံမှာ တက်ရောက်နေရပါတယ်။ ကားနဲ့ဝင်တိုက်တဲ့အပြင် ရာဘာကျည်တွေနဲ့လည်း တရစပ် ပစ်ခတ်တာကြောင့် လူအများအပြား ဒဏ်ရာရခဲ့တယ်လို့ ဆန္ဒပြပြွမှာ ပါဝင်သူတဦးက ပြောပါတယ်။
ဓနုဖြူ အထက ၁ က အသက် ၁၅ နှစ်အရွယ် ကိုးတန်းကျောင်းသား မောင်တိုးမြင့်မောင်နဲ့ သက်လတ်ပိုင်းအမျိုးသားတစ်ဦးကို သွေးထွက်သံယိုဖြစ်အောင် ရိုက်နှက်ပြီး ဖမ်းဆီးသွားတယ်လို့လည်း မျက်မြင်တွေက ပြောပါတယ်။
"အခုလို အသက်မပြည့်သေးတဲ့ကလေးတွေကိုတောင် ကိုယ်ထိလက်ရောက်ကျူးလွန်ပြီး ရက်ရက်စက်စက်ရိုက်နှက် ဖမ်းသွားတာကို ကျနော်တို့အားလုံး ရှုတ်ချပါတယ်''လို့ မျက်မြင်ကျောင်းသားတစ်ဦးက ပြောပါတယ်။