မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်မှာ ဧပြီ ၂၂ရက်မှာ စတင်ပြီး ရတနာပုံတက္ကသိုလ်ရဲ့ ယာယီတက္ကသိုလ်ကောင်စီကို ဖွဲ့စည်းလိုက်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ပညာရေးယန္တရားကို လည်ပတ်ဖို့ ကြိုးစားလာချိန် NUG ရဲ့ ဖက်ဒရယ်ဒီမိုကရေစီပညာရေစနစ်ကို လိုလားတဲ့ ဆရာ၊/ ဆရာမတွေနဲ့ ကျောင်းသား/ကျောင်းသူတွေက သက်ဆိုင်ရာတက္ကသိုလ်တွေမှာ ယာယီတက္ကသိုလ်ကောင်စီကို ဖွဲ့စည်းနေတာပါ။
ဒီယာယီတက္ကသိုလ်ကောင်စီမှာ CDM လုပ်ထားတဲ့ ဆရာ/ဆရာမတွေ၊ ကျောင်းသား/ကျောင်းသူတွနဲ့ ပါဝင်ဖွဲ့စည်းထားတာ ဖြစ်ပြီး စစ်ကောင်စီရဲ့ ကျောင်းအုပ်ချုပ်ရေးနဲ့ စင်ပြိုင်အနေနဲ့ ယာယီအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းတာဖြစ်ပါတယ်။
ရတနာပုံတက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီ ကောင်စီအဖွဲ့ဝင် တဦးက " စစ်ကောင်စီအနေနဲ့ ပညာရေးဌာန ယန္တရားကို လည်ပတ်ဖို့ စာမေးပွဲမပြီးသေးတာတွေကိုလည်း အောင်စာရင်းထုတ်ဖို့ ကြိုးစားနေတာရှိတယ်။ ကျောင်းသားတွေအနေနဲ့ကလည်း စစ်ကောင်စီက ဖွင့်မယ့် တက္ကသိုလ်တွေ ကျောင်းတွေမှာ မတက်ကြဖို့ လိုတယ်။ CDM လုပ်နေသူတွေ တောင့်ခံသလို ကျောင်းသားတွေအနေနဲ့လည်း တောင့်ခံဖို့ လိုတယ်။ ဖက်ဆစ်တွေ သင်ပေးမယ် ပညာကို သင်စရာ အကြောင်းမရှိပါဘူး။ စစ်ကျွန်ပညာရေးစနစ်မှာ နေခဲ့ပြီးပါပြီ။ အခု NUG က ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်ကို သွားနေပါတယ်။ ဒီကြားကာလလေးမှာ ပညာသင်ပေးနိုင်ဖို့ ကြားဖြတ်အစီအစဉ်တွေ ဆောင်ရွက်နေပါတယ်။ NUG ရဲ့ စီမံဆောင်ရွက်နေမှုတွေကို ပူးပေါင်းဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုပါတယ် '' လို့ ပြောပါတယ်။
အခုလိုယာယီတက္ကသိုလ်ကောင်စီတွေကို ဧပြီ ၂၂ ရက်က ရတနာပုံတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (စစ်ကိုင်း) စတဲ့ တက္ကသိုလ်တွေမှာ ဖွဲ့စည်းလိုက်ပြီ ဖြစ်ပါတယ်။
မကြာခင်ကာလအတွင်း မြန်မာနိုင်ငံတဝန်း ကျန်ရှိနေတဲ့ တက္ကသိုလ်တွေမှာလည်း ယာယီတက္ကသိုလ်ကောင်စီတွေ ဖွဲ့စည်းသွားဖို့ ရှိပါတယ်။
ယာယီတက္ကသိုလ်ကောင်စီတွေက CRPH နဲ့ NUG ရဲ့ ပညာရေးဝန်ကြီးဌာနတို့ရဲ့ လမ်းညွှန်အကြံပြုချက်အရ ချိတ်ဆက်ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်ကို ဖော်ဆောင်ဖို့ ဆောင်ရွက်နေကြတာဖြစ်ပါတယ်။