မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာရှိတဲ့ ရတနာပုံတက္ကသိုလ်ကျောင်းက CDM ဝန်ထမ်းတွေနဲ့ ဆရာ/ဆရာမတွေကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးနေတယ်လို့ CDM ဆရာမ တဦးက ပြောပါတယ်။
သြဂုတ် ၂၀ ရက်က ရတနာပုံတက္ကသိုလ်က CDM ဆရာ/ဆရာမတွေနဲ့ ရုံးဝန်ထမ်းတွေရဲ့ နေရပ် လိပ်စာတွေကို ကျောင်းကတဆင့် တောင်းယူကာ နေအိမ်တွေမှာဘဲ ဖမ်းဆီးခဲ့တာလို့ အဲဒီဆရာမက ပြောပါတယ်။
CDM တက္ကသိုလ်ဆရာမတဦးက "လောလောဆယ် သိရတာက CDM ဝန်ထမ်း ၇ ဦးလောက် ဖမ်းခံထားရတယ်။ အမရပူရမြို့နယ်မှာ နေတဲ့သူတွေ"လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူ ၇ ယောက်ဟာ ရတနာပုံတက္ကသိုလ်က စာမေးပွဲနဲ့ ဘွဲ့နှင်းသဘင်အပိုင်းမှာ တာဝန်ယူတဲ့ ကွန်ပျူတာ ဆရာဦးမင်းသိန်းအပါအဝင် ဆရာမ ၂ ယောက်နဲ့ ရုံးဝန်ထမ်း ၄ ယောက်လို့ သိရပြီး အိုးဘိုထောင်ဘက်ကို ခေါ်သွားတယ်လို့ ကြားရပေမဲ့ နောက်ဆက်တွဲ အခြေအနေကိုတော့ မသိရသေးဘူးလို့ အဆိုပါဆရာမက ပြောပါတယ်။
အခုလို ဖမ်းဆီးမှုတွေကြောင့် CDM ဆရာ/ဆရာမတွေနဲ့ တခြား ဝန်ထမ်းတွေ နေအိမ်မှာ မနေကြ ဘဲ ရှောင်တိမ်းနေကြရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံပညာကျောင်းတွေအပါအဝင် တက္ကသိုလ်ကျောင်းတွေက ဆရာ/ဆရာမ တော်တော်များများ စစ်အာဏာသိမ်းတဲ့အပေါ် မကျေနပ်လို့ CDM ပြုလုပ်ခဲ့တာကြောင့် ပညာရေးကဏ္ဍမှာ အောင်မြင်မှု မရှိသလို ကျောင်းသား၊ကျောင်းသူ အများစုကလည်း ကျောင်းမတက်ကြပဲ ဆန္ဒပြသပိတ်မှောက်နေတာပါ။
လက်တလော စစ်တပ်က တက္ကသိုလ်ကျောင်းတွေ ပြန်လည်အသက်သွင်းဖို့ ထပ်မံ ကြိုးစားလာတာဖြစ်ပြီး လိုအပ်နေတဲ့ သင်ကြားရေးပိုင်း ပြန်ဖြည့်ဖို့ ရည်ရွယ်ပြီး CDM ဆရာ/ဆရာမ တွေကို ဖမ်းဆီးနေတာဖြစ်ပါတယ်။