ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်ရှိ RCSS/SSA ရှမ်းပြည်တပ်မတော် ဒေသ ၁ လွိုင်ကော်ဝမ်းတပ်အနီးကို ပြီးခဲ့တဲ့ရက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ အမြာက်တပ်က လက်နက်ကြီးနဲ့ ၂ ရက်ဆက်တိုက်ပစ်ခတ်ခဲ့အပြီး ဒီကနေ့မနက်မှာလည်း မိုင်းပန်မြို့နယ်ဘက်က RCSS/SSA လွိုင်တိုင်းလျန်းဌာနချုပ်အနီးကို လက်နက်ကြီးတွေ ထပ်မံ ပစ်ခတ်ခဲ့ပါတယ်။
ဒီမနက် ၈ နာရီကျော်လောက်က ဌာနချုပ်အနောက်မြောက်ဘက်မှာရှိတဲ့ ချိုင့်ဝှမ်းထဲကို ၈၁ မမ အမျိုးအစား မော်တာကျည် ၃ လုံးကျရောက်လာသလို တချိန်တည်းလိုမှာပဲ အဆိုပါနေရာနဲ့ ၁ ကီလိုမီတာကျော်လောက်မှာ စက်သေနတ်နဲ့ပစ်သံ ကြားရတယ်လို့ RCSS/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းခမ်းစံက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ဌာနချုပ်ရဲ့ အနောက်အရပ်မှာရှိတဲ့ မြန်မာစစ်စခန်းက ပစ်လိုက်တာပါ။ ၃ ခါပစ်တယ် ၊ တစ်ကြိမ်နဲ့တစ်ကြိမ် မိနစ်ပိုင်းပဲခြားတယ်။ လက်နက်ကျည်က တောထဲက ချိုင့်ဝှမ်းထဲကျတာ ထိခိုက်မှုမရှိပါဘူ။ တချိန်တည်းလိုပဲ အဲဒီနေရာနဲ့ ၁ ကီလိုကျော် ၂ ကီလိုဝေးတဲ့ ကျနော်တို့ရဲ့ နောင်ကော်စခန်းဘက်ကနေလည်း စက်သေနတ်နဲ့ အကြိမ် ၂၀ လောက် ဆွဲပစ်တာကြားရတယ် ၊ ကျည်ခွံတွေ ဘယ်နေရာကျလည်းဆိုတာ စစ်ဆေးနေတုန်းပါ ၊ အဲဒါလည်း နောက်ထပ်မြန်မာစစ်စခန်းတစ်ခုကနေပစ်တာ ဖြစ်တယ် ”
အခုလို ဌာနချုပ်နဲ့ ထိန်းချုပ်နယ်မြေတွေထဲ ထိပါးလာတဲ့အပေါ် စစ်ရေးအရ မှတ်ချက်ပေး လို့မရသေးကြောင်း ၊ ကြိုတင်ပြင်ဆင်မှုကတော့ အမြဲရှိတယ်လို့ သူကဆက်ပြောပါတယ်။
RCSS/SSA ဟာ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ ၊ သီပေါ ၊ နမ့်လန်၊ နမ္မတူ စတဲ့ဒေ သတွေမှာလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် TNLA ပလောင်တပ်ဖွဲ့ SSPP ရှမ်းတပ်ဖွဲ့တွေနဲ့ ပစ်ခတ်မှုတွေ ရှိနေပါတယ်။
လတ်တလောရက်ပိုင်းတွေမှာ ကေအိုင်အို ၊ ကေအန်ယူတပ်ဖွဲ့ဝင်တွေက စစ်ကောင်စီရဲ့ တပ်စခန်းတွေကို သိမ်းပိုက်သလို RCSS/SSA ကို ပြည်သူတွေကလည်း ဝင်တိုက်စေလိုပေမယ့် နေရာဒေသအခြေအနေချင်းမ တူညီကြောင်း၊ တိုက်ပွဲဖြစ်ရင် ဒေသခံပြည်သူတွေ များစွာထိခိုက်ရတဲ့အတွက် ခံစားချက်ကိုဦးစားပေးလို့မရဘဲ အစစချင့်ချိန်နေရတယ်လို့ ဗိုလ်မှူး စိုင်းခမ်းစံက ပြောပါတယ်။
RCSS/SSA ဟာ ဦးသိန်းစိန်အစိုးရ၊ အန်အယ်လ်ဒီအစိုးရလက်ထက်မှာ အန်စီအေ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုထားပြီး အာဏာသိမ်းစစ်ကောင်စီတက်လာချိန်မှာတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ငန်းစဉ်အားလုံးကို ရပ်နားထားပါတယ်။
ဓာတ်ပုံ-Tai Freedom