ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ယာယီဥက္ကဋ္ဌ ကိုမျိုးထက်နိုင်လင်းကို ဧပြီ ၂၁ ရက် ဒီနေ့မနက် ရှမ်းစုတောင်ရပ်ကွက်ရှိ နေအိမ်မှာ ရဲနဲ့ စစ်တပ်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
သမဂ္ဂရဲ့တာဝန်ရှိသူတစ်ဦးက “ မနက် ၆ နာရီခွဲမှာ အရပ်ဝတ်ကော၊ ရဲရော၊ စစ်သားရောပါတယ်။ အိမ်စီးကားရောပါတယ်လို့ကြားတယ်။ အိမ်ကိုလာဝိုင်းပြီးမှ ဖမ်းသွားတာပါ”လို့ပြောပါတယ်။
လက်ရှိ ကိုမျိုးထက်နိုင်လင်းကို စစ်တပ်က ဘယ်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ အခုအချိန်ထိမသိရသေးဘဲ မိသားစုနဲ့လည်း အဆက်အသွယ်မရသေးပါဘူး။
ကိုမျိုးထက်နိုင်လင်းဟာ မြစ်ကြီးနားတက္ကသိုလ်မှာ သမိုင်းဂုဏ်ထူးတန်း ဒုတိယနှစ်တက်ရောက်နေတဲ့ ကျောင်းသားတစ်ဦးဖြစ်ပါတယ်။
လက်ရှိ နွေဦးတော်လှန်ရေးမှာ မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားများသမဂ္ဂဟာလည်း စစ်အာဏာရှင်စနစ်ကိုလက်မခံဘဲ ကန့်ကွက်ဆန္ဒပြနေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။