မတ် ၆ ရက်နေ့ ညနေက စီတာပူရပ်ကွက်က မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်းက ရဲနဲ့ စစ်တပ်က လုံခြုံရေးယူထားရာမှာ CDM ဆရာ၊ ဆရာမတွေကို လာရောက်ဝန်းရံသူ များပြားလာတာကြောင့် သေနတ်ပစ်ဖောက်ပြီး အသံဗုံးနဲ့ ဖြိုခွင်းတာတွေ ပြုလုပ်ခဲ့တာကြောင့် အချို့ ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်အတွင်း နေထိုင်သူတွေဆီကနေ သိရပါတယ်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့ ဝန်ထမ်းတွေကို ဝန်ထမ်းအဖြစ်က ထုတ်ပယ်ပြီး ပုဒ်မ ၅၀၅(က) နဲ့ ပြင်းထန်စွာ အရေးယူသွားမယ်လို့ မတ် ၆ ရက်နေ့ ညနေက မြစ်ကြီးနားတက္ကသိုလ်ရှေ့မှာ စာကပ်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် CDM မလုပ်ဘဲ ပုံမှန် ရုံးတက်နေသူတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က လုံခြုံရေးအပြည့်အ၀ တာဝန်ယူသွားမယ်ဆိုပြီး စာမှာ ရေးသားထားပါတယ်။
မြစ်ကြီးနားမြို့ ခုတင် ၅၀၀ ဆံ့ အထွေထွေဆေးရုံကြီးကိုလည်း ညနေပိုင်းမှာပဲ စစ်ကား၊ ရဲကား၊ အချုပ်ကားတွေ ၁၂ စီးလောက်နဲ့ ဝိုင်းထားကာ ဆေးရုံအုပ်ကြီး ရုံးခန်းကို ဝင်ရောက်သွားကြတယ်လို့ သိရပြီး ညနေ ၆ နာရီလောက်မှာ ဆေးရုံကြီးကနေ ထွက်ခွာသွားကြပါတယ်။