မြန်မာ-တရုတ်နယ်စပ် အရှေ့မြောက် တံခါးပေါက်မှ တရုတ်နိုင်ငံသို့ တင်ပို့နေတဲ့ ဖရဲသီးတင်ကားတွေ ပြန်လှည့်လာနေရတဲ့အတွက် တောင်သူတွေအနေနဲ့ သတင်း သေချာစုံစမ်းပြီးမှ ဖရဲသီးတွေ ခူးဆွတ်တင်ပို့သင့်တယ်လို့ သစ်သီးပွဲရုံတွေက အသိပေးထား ပါတယ်။
တရုတ်နိုင်ငံဘက်မှာ ဖရဲသီးတွေ ရောင်းမကောင်းလို့ မြန်မာဖရဲသီးတင်ကားတွေ ပြန်လှည့်လာနေရတာလို့ စိုင်းမြင့်ဗိုလ် သစ်သီးပွဲရုံက မနန်းခမ်းခင်ကပြောပါတယ်။
"မနေ့ကတော့ အဝင် လုံးဝ ရပ်သွားတယ် ကြားတယ်။ အထဲက ရောင်းမကောင်းလို့။ ဂိတ်ပိတ်တာ မဟုတ်ပေမဲ့ မြန်မာဘက်မှ တရုတ်ဘက်ကို ဖရဲကား အဝင် ရပ်သွားတာ” လို့ပြောတယ်။
တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ရွှေလီ၊ ဝမ်တိန်ဘက်မှာ အသွားအလာ တင်းကြပ်ထားသလို ကျင်စန်းကျော့ဘက်မှာလည်း အသွားအလာ ကန့်သတ်ထားလို့ အခက်အခဲ ဖြစ်နေကြတယ်လို့ သစ်သီးပွဲရုံတွေနဲ့ ကားသမားတွေထံက သိရပါတယ်။
"ဖရဲကားတွေ ပြန်လှည့်လာတာ။ နမ့်ဖတ်ကာမှာ ဂျပ်ဖာနဲ့ဟာ တစ်ထောင်ပဲ။ တချို့ဆို ကုန်ကား ၁ စီးလုံးကို ၁ သိန်းနဲ့ ရောင်းပစ်တယ်။ ကားတစ်စီး ၁ သိန်းနဲ့ ရောင်းတာတွေက ဂျပ်ဖာ ပြန်ယူတယ်" လို့ ကားသမားတဦးက ဆိုပါတယ်။
တချို့ကုန်တင်ယာဉ်မောင်းတွေဟာ တရုတ်နိုင်ငံဘက်သွားဖို့ ရက်ပေါင်းများစွာ ကားတန်းစီရတဲ့အပြင် မရောင်းရတာကြောင့် စရိတ်တွေ ပြတ်တာနဲ့ ရင်ဆိုင်နေရတယ်လို့လည်း နမ့်ဖတ်ကာရောက် ကုန်သည် တစ်ဦးက ဆိုပါတယ်။
“မိုးရွာလို့ သခွားကား အပါအဝင် ဖရဲကားရော မှောက်တဲ့ကားတွေမှောက်၊ အသီးတွေကို ပြန်မယူကြတော့ပဲ ရောင်းလို့မရလို့ တချို့ဆို ဒီတိုင်းပဲ သွန်ခဲ့ကြရတယ်” လို့ မျက်မြင်တွေသူ တစ်ဦးက ပြောပါတယ်။
လက်ရှိ ဧပြီ ၁၉ ရက်ထိ ဖရဲကားတွေ မဝင်နိုင်သေးတာကြောင့် ပို့ကုန်သစ်သီးတွေ အခြေအနေနဲ့ သတင်းသေချာစုံစမ်းပြီး လမ်းကြောင်းသေချာမှ ခူးဆွတ်တင်ပို့သင့်တယ်လို့ ပွဲရုံတွေက လူမှုကွန်ရက်မှတဆင့် တောင်သူတွေကို အသိပေးထားပါတယ်။
အရင်ကပုံမှန်ဆိုရင် တစ်ရက် ကုန်ကား ၄၀၀ လောက် အဝင် အထွက်ရှိတာဖြစ်ပြီး လက်ရှိမှာတော့ ဖရဲသီးမဟုတ်တဲ့ တခြားကုန်တွေတော့ တရုတ်ဘက်ဝင်ကာ တနေ့ ကုန်တင်ကား အစီး ၁၀၀ ကျော်လောက် ဝင်သေးတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံ ရွှေလီမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာအများအပြားတွေ့ရှိပြီးနောက် ကုန်တင်ယာဉ်မောင်းတွေအပါအဝင် မြန်မာနိုင်ငံသားတွေကို တရုတ်ဘက်က တင်းကြပ်စစ်ဆေး နေတာဖြစ်ပြီး ဝမ်တိန်မှာလည်း ဒေသခံပြည်သူတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ကိုဗစ်-၁၉ ပိုးစစ်ဆေးဖို့ ရှိနေပါတယ်။