ကချင်ပြည်နယ်အတွင်းက သတင်းတွေကို ရေးသားဖော်ပြနေတဲ့ မြစ်ကြီးနားသတင်းဂျာနယ်က သတင်းထောက် ၃ ယောက်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ကြောရေးလုပ်နေတယ်လို့ သိရပါတယ်။
”သတင်းထောက် ၃ ယောက်လုံးကို ဧပြီလ ၁၈ ရက်နေ့အထိ စစ်ဆေးနေတုန်းပဲလို့သိရတယ်။ မိသားစုတွေနဲ့ တွေ့ခွင့်လည်းမရဘူး” လို့ မြစ်ကြီးနားသတင်းဂျာနယ်က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
မြစ်ကြီးနားသတင်းဂျာနယ်မှ သတင်းထောက် A Jee၊ ခရစ္စတိုဖာတို့ကို ဧပြီ ၁၃ ရက်နေ့ညက တပ်ကုန်းလမ်းမကြီးပေါ်မှာ ဖမ်းဆီးခဲ့ပြီး မမျိုးမြတ်မြတ်ပန်ကို ဧပြီလ ၁၄ ရက်နေ့ ညနေ ၆ နာရီခွဲက စီတာပူရပ်ကွက်ကနေအိမ်မှာ အရပ်ဝတ်ဝတ်ဆင်ထားသူတွေက အိမ်စီးကားတွေနဲ့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်အတွင်းမှာ စစ်တပ်အာဏာသိမ်းပြီး ဧပြီ ၁၈ ရက်နေ့အထိ ဖမ်းဆီးခံရတဲ့ သတင်းထောက်စုစုပေါင်း ၁၂ ယောက်ရှိကာ ၆ ယောက်ကိုပြန်လွတ်ပေးခဲ့ပြီး ၃ ယောက်ကိုတော့ ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုခဲ့ရာ အခု ၃ ယောက်ကိုတော့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ဖမ်းဆီးထားဆဲဖြစ်ပါတယ်။