ရုပ်ရှင်သရုပ်ဆောင် အေးမြတ်သူအပါအဝင် ပြည်သူဘက်က ရပ်တည်တဲ့ နောက်ထပ် လူပုဂ္ဂိုလ် အယောက် ၂၀ ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့မီဒီယာက ဧပြီ ၁၆ ရက်မှာ ကြေညာပါတယ်။
အမှုဖွင့်ခံထားရသူတွေအထဲမှာ အေးမြတ်သူ၊ သီဟထွန်း၊ အောင်ခန့်မှူး၊ ရီမွန်ခိုင်၊ ပေါက်စီ၊ ယမင်းရွှေရည်၊ မှူးသက်အောင်၊ သိင်္ဂီ၊ ထွန်းနိုင်လင်း၊ မျိုးမင်းသိုက်၊ အိမ့်မျက်ချယ်၊ ကျော်ကျော်မင်းလှိုင်၊ စတီဗင်မန်း (သန်းကက်မန်း)၊ စန္ဒာလမင်းထွန်း၊ အောင်သက်ပိုင်၊ နိုင်စစ်အောင်၊ ဟန်ထူးဇော်၊ ဇာနည်ကျော်၊ ဟေမာစိုးနဲ့ ကျော်သူလင်း တို့ ပါဝင်ပါတယ်။
အဆိုပါ လူပုဂ္ဂိုလ် အယောက် ၂၀ ဟာ CDM အားပေး လှုံ့ဆော်မှုနဲ့ CRPH အားပေးထောက်ခံမှုတွေပြုလုပ်ခဲ့တယ်ဆိုပြီး စစ်ကောင်စီက စွပ်စွဲပြီး အမှုဖွင့်လိုက်တာပါ။
အလားတူ ထင်ရှားတဲ့ အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေ၊ ရုပ်ရှင်ဒါရိုက်တာတွေ၊ မော်ဒယ်တွေ အနုပညာရှင်တွေနဲ့ အွန်လိုင်းမှာလူသိများသူတွေ အပါအဝင် ဒီကနေ့အထိ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူခံထားရသူပေါင်း အယောက် ၂၀၀ ကျော် ရှိသွားပြီဖြစ်ပါတယ်။
ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရတဲ့ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ ပြေတီဦး၊ အိန္ဒြာကျော်ဇင်နဲ့ မော်ဒယ်ပိုင်တံခွန်တို့ကို မကြာသေးခင်ရက်ပိုင်းကမှရန်ကုန်ရှိ သူ့တို့ရဲ့နေအိမ်မှာ စစ်တပ်က ဖမ်းဆီးခဲ့သလို ဧပြီ ၁၅ ရက်နေ့ကလည်း ဝါရင့်ရုပ်ရှင် သရုပ်ဆောင် ဦးဇင်ဝိုင်းနဲ့ အဆိုတော် ပိုပိုတို့ကို ဖမ်းဆီးခဲ့ပါတယ်။
Photo- Credit