ဖက်ဒရယ်တပ်မတော်ရဲ့ ရှေ့ပြေးအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် People Defense Force ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အောက်ကနေ ဖွဲ့စည်းသွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဉီးရည်မွန်က ပြောကြားလိုက်ပါတယ်။
အဲဒီတပ်မတော်ဟာ နောင်တချိန်ဖြစ်လာမယ့် ဖက်ဒရယ်တပ်မတော်ရဲ့ အစိတ်အပိုင်းလည်း ဖြစ်တယ်လို့ သူကဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာ တိုင်းချစ်ပြည်ချစ်စိတ်ရှိတဲ့လူငယ်တွေ၊ စစ်အာဏာရှင်ကို လက်မခံဘဲ ဖက်ဒရယ်ဒီမိုကရေစီအတွက် လိုအပ်တဲ့ စွန့်လွှတ်မှုကို ပြုဖို့ အသင့်ဖြစ်နေတဲ့သူတွေ ပါဝင်မယ်လို့ ဆိုပါတယ်။
အဲဒီတပ်အနေနဲ့ ပြည်သူလူထုကို ကာကွယ်ဖို့နဲ့ တည်ထောင်မယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ကာကွယ်ဖို့ဖြစ်ပြီး၊ စစ်ပညာ၊ ယုံကြည်ချက်၊ စည်းကမ်းအရ ကောင်းမွန်ပြည့်စုံတဲ့တပ်မတော်ဖြစ်ရမယ်လို့ ဉီးရည်မွန်က ပြောပါတယ်။
တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်တဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကို ရက်ပိုင်းအတွင်းဖွဲ့မယ်လို့လည်း NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆလိုင်းလျန်မှုန်းဆာ ခေါင်းက ပြောဆိုလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဧပြီ ၁၆ ရက်နေ့မှာ တရားဝင်ကြေညာခဲ့တာဖြစ်ပြီး အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)ကို တပြိုင်နက်တည်းဖွဲ့စည်းနိုင်ဖို့ မျှော်မှန်းခဲ့တာပါ။
ဒါပေမဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ စစ်အာဏာရှင်ကို တော်လှန်နေကြတဲ့ အင်အာစုပေါင်းစုံ ပါဝင်နိုင်ရေးဆောင်ရွက်နေတာကြောင့် လက်ရှိမှာ မကြေညာနိုင်သေးတာဖြစ်ပြီး မကြာမီဖွဲ့စည်းမှာဖြစ်တယ်လို့ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ဒီကနေ့ဖွဲ့စည်းကြောင်းကြေညာပြီးနောက် အွန်လိုင်းနေ မီဒီယာတွေနဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။