မုံရွာသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဝေမိုးနိုင်ကို ဒီကနေ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အိမ်စီးကားနဲ့ တိုက်ပြီး အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးသွားခဲ့ပေမယ့် ပြည်သူတွေထဲမှာ နောက်ထပ် ဝေမိုးနိုင်တွေ အများကြီး ရှိနေတယ်လို့ မန္တလေး သပိတ်ခေါင်းဆောင် ကိုတေဇာဆန်းက စစ်ကောင်စီကို သတိပေး ပြောကြားလိုက်ပါတယ်။
ဝေမိုးနိုင်ကြောင့် တေဇာဆန်းကြောင့် အခုလို စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ လူထု အရေးတော်ပုံကြီး ပေါ်ပေါက်လာတာမဟုတ်ဘဲ အရေးတော်ပုံကြောင့်သာ သူတို့တွေကို လူသိများ လာတာလို့လည်း ကိုတေဇာဆန်းက ပြောပါတယ်။
တိုင်းပြည်ရဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက် လူထုအရေးတော်ပုံကြီးကို လုံ့လဝိရိယ နှစ်ဆတိုးပြီး ဆက်လက် ဆင်နွှဲရလိမ့်မယ်လို့လည်း သပိတ်ခေါင်းဆောင်က ပြောဆိုပါတယ်။
မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီအဖွဲ့ဝင် ကိုဝေမိုးနိုင်ကို စစ်ကောင်စီ အကြမ်းဖက်တပ်တွေက အိမ်စီးကားကို အသုံးပြုကာ ဒီနေ့ နေ့လယ် ၂ နာရီကျော်ခန့်က ဖမ်းဆီးခဲ့တာပါ။
ဆိုင်ကယ်သပိတ်စစ်ကြောင်း ချီတက်စဉ် သာစည်လမ်း၊ မြို့မရွှေဂူကျောင်းအနီးမှာ မျက်နှာချင်းဆိုင်ကလာတဲ့ အိမ်စီးကားနဲ့ ဝင်ရောက်တိုက်ပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ကားက Klugerအမျိုးအစား အနက်ရောင်ဖြစ်ပြီး YGN 7E/4752 ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
ကိုဝေမိုးနိုင်ကို စစ်ကောင်စီအကြမ်းဖက်တပ်တွေက ရိုက်နှက်တာတွေလည်းရှိပြီး လက်ရှိမှာတော့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။