ကချင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကချင်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)တို့အကြား တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာနေပြီး စစ်ဘေးရှောင်တိမ်းလာတဲ့ ဒေသခံပြည်သူတွေလည်း အကူအညီများစွာ လိုအပ်နေတယ်လို့ စစ်ဘေးရှောင် ပြည်သူတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။
ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ မြစ်ကြီးနား- ဗန်းမော်လမ်းမကြီးတစ်လျှောက် မြို့သစ်၊ မြို့ဟောင်း၊ ကုန်းလော ၊ နွမ်လန်း၊ စီဟက်၊မခွယ်၊နောင်ကွမ့် စတဲ့ ကျေးရွာတွေအနီးမှာ ဧပြီလ ၁၀ ကနေ ၁၂ ရက်အထိ စစ်ကောင်စီတပ်တွေနဲ့ (ကေအိုင်အေ)တို့အကြား အပြင်းအထန်တိုက်ပွဲဖြစ်ပွားနေခဲ့တာပါ။
စစ်တပ်ကတိုက်လေယာဉ်တွေ လက်နက်ကြီးတွေနဲ့ပါ ပြစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသတွင်းနေထိုင်တဲ့ နယ်ခံပြည်သူတွေရဲ့ နေအိမ်တွေနဲ့ ကျေးရွာတွေအထဲကို လက်နက်ကြီး ကျည်ဆန်တွ ကျရောက်မှုကြောင်း ရွာသားတွေ ထွက်ပြေးနေကြရပါတယ်။
“မနေ့က စစ်ဘေးတိမ်းရှောင်ခဲ့တဲ့ အိမ်ထောင်စု ၄၀ ကျော်အတွက် အရေးပေါ်တတ်နိုင်သမျှ လုပ်ဆောင်ပေးခဲ့ပေမယ့်လိုအပ်ချက်တွေရှိနေပါတယ်။ အိုးခွက်ပန်းကန်တို့လတ် တလောနေဖို့ ထိုင်ဖို့စားဖို့တွေ အရေးပေါ်လိုအပ်နေတာပါ၊ တချို့ကတော့ ဗန်းမော်စစ်ရှောင်စခန်းတွေမှာ ရောက်နေကြပြီး၊ တချို့တွေကတော့ နီးစပ်ရာ အမျိုးအိမ်တွေမှာ ခိုလှုံနေကြရတယ်၊ နောက်ထပ်လည်း စစ်ရှောင်တွေပိုမိုများပြားလာနိုင်ခြေရှိနေတယ်။ နဂိုရှိနေသေးတဲ့ စစ်ရှောင်တွေရောဆို အစားအသောက် ၊ အဝတ်အထည်၊ နေရာထိုင်ခင်းနဲ့ အိုးခွက်ပန်းကန်တွေ၊ ဆေးဝါးပစ္စည်းတွေ လိုအပ်နေတယ်” လို့ IDP အရေးဆောင်ရွက်နေသူ တစ်ဦးက ပြောပါတယ်။
တိုက်ပွဲကြောင့် မြို့သစ်ရွာမှ (၄) လသား နို့တိုက်မိခင် ၁ ဦး၊ ရွှေမောင်းကျေးရွာမှ ၁ ဦး၊ နန့်ငိုးကျေးရွာမှ ၁ ဦး၊ မြို့ဟောင်းရွာ အသက် (၂၂) နှစ်ဝန်းကျင် အမျိုးသား ၁ ဦး၊ စီဟက်ရွာမှ အသက် ၈၀ ကျော်အရွယ် အဘွားအို (၁) ဦးတို့ သေဆုံးခဲ့ရကာ မခွယ်ရွာမှ သံဃာတော်တစ်ပါး ပျံလွန်တော်မူခဲ့ရပါတယ်။
အလားတူ စီဟက်ကျောင်းတိုက်အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းထိုင်ဆရာတော် တစ်ပါး ဒဏ်ရာရရှိခဲ့ကာ မြို့ဟောင်းရွာမှ အဘွားအို ၁ ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး အိမ်ခြေအများပြားလည်း ပျက်စီးခဲ့ရပါတယ်။
ကျွဲ၊ နွားတိရိစ္ဆာန်တွေလည်း သေကျေခဲ့တယ်လို့သိရှိရကာ ဧပြီ ၁၂ရက် နေ့လည်ခင်းက ခြေလျင်တိုက်ပွဲမှာ အာဏာသိမ်း စစ်ကောင်စီဘက်မှ မိုးမောက် ခမရ-(၄၃၇) တပ်ရင်းစစ်ကြောင်းမှူး အပြင်းအထန်ဒဏ်ရာရရှိကာ ဆေးကုသဖို့အတွက် စစ်ရတ်ယာဉ်နဲ့ လာကြိုစဉ် လမ်းမှာသေဆုံးသွားခဲ့ပါတယ်။
ဗန်းမော်၊ မိုးမောက် ဒေသမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နိုင်တဲ့ အခြေအနေကို စိုးရိမ်ပြီး ဒေသခံပြည်သူတွေက ဗုံးခိုကျင်းတွေတူးကာ နေထိုင်နေကြရပြီး ဒေသခံအများအပြား စစ်ဘေးလွတ်ရာ တိမ်းရှောင်နေကြပါတယ်။
လက်ရှိတိုက်ပွဲ သတင်းတွေအရ ကေအိုင်အေ ဘက်မှ တပ်စခန်း ၂ ခု သိမ်းပိုက်ရရှိကာ အာဏာသိမ်း စစ်ကောင်စီဘက်က အကျအဆုံးများပြားခဲ့ပြီး လက်နက်ခဲယမ်းတွေ အများအပြား သိမ်းဆည်းရမိထားပါတယ်။