ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရန်ပုံငွေအတွက် စုပေါင်းလှူဒါန်းဖို့ ရည်ရွယ်ထားတဲ့ အလှူငွေတွေကို စစ်အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ပြောင်းလဲလှူဒါန်းသွားမယ်လို့ သိရပါတယ်။
တိုကျိုအခြေစိုက် ပြည်ထောင်စုမြန်မာနိုင်ငံသားများအသင်း(Union Of Myanmar Citizen Association)ရဲ့ ဧပြီ ၁၃ ရက် ရက်စွဲနဲ့ ထုတ်ပြန်ကြေညာချက်မှာတော့ လက်ခံရ ရှိထားတဲ့ လှူဒါန်းငွေ စုစုပေါင်း ယန်း ၇,၁၆၄,၀၀၀ ရှိနေတယ်လို့ ဆိုပါတယ်။
ဒီငွေတွေကို အစကတော့ ဖေဖော်ဝါရီ ၇ ရက်မှာ တိုကျိုရှိ မြန်မာသံရုံးကို ပေးအပ်ကာ မြန်မာ နိုင်ငံသို့လွှဲပို့ပေးနိုင်ဖို့ သံရုံးတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းစီစဉ်ထားပြီးဖြစ်ပေမယ့် စစ်အာဏာသိမ်းမှုကြောင့် ပေးဖို့ မဖြစ်နိုင်တော့တဲ့အတွက်ကြောင့် ပြည်ထောင်စုမြန်မာ နိုင်ငံသားများအသင်း(ဂျပန်)က သိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ အဆိုပါလှူဒါန်းငွေတွေကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH)၊ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)နဲ့ တခြားလိုအပ်တဲ့ နေရာတွေအတွက် ပေးလှူသွားဖို့ တိုက်တွန်းတဲ့ အလှူရှင်တွေ ဆက်သွယ်ပြောကြားတာတွေ ရှိတဲ့အတွက် ပြောင်းလဲလှူဒါန်းဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အလှူရှင်တွေထဲမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ဖို့အတွက်ဆိုတဲ့ စိတ်နဲ့ လှူဒါန်းခဲ့သူတွေလည်းရှိမယ်လို့ မှတ်ယူတဲ့အတွက် အလှူငွေကို ပြန်လည်အလိုရှိတဲ့ အလှူရှင်တွေရဲ့ လှူငွေတွေကို ပြန်လည်ထုတ်ပေးသွားမယ်လို့ ဆိုပါတယ်။
ဒါကြောင့်မို့ အလိုရှိတဲ့ အလှူရှင်တွေအနေနဲ့ လာမယ့် ဧပြီ ၁၅ ရက်ကနေ ၃၀ ရက် အတွင်း ပြန်လည်ပေးအပ်နိုင်ဖို့ ပြည်ထောင်စုမြန်မာနိုင်ငံသားများအသင်းမှ တာဝန်ခံတွေနဲ့ ဆက်သွယ်ဆက်လက်ဆောင်ရွက်နိုင်ကြောင်းလည်း အသိပေးထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်းက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင် ပိုင်းတချို့ကို စစ်တပ်က ဖမ်းဆီးလိုက်ကာ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီးနောက် တနေ့မှာပဲ ပြည်သူတွေဟာ ညစဉ်သံပုံးတီးဆန့်ကျင်တာတွေ၊ ဖယောင်းတိုင်မီးထွန်း ဆုတောင်းပွဲတွေ၊ လူမဲ့သပိတ်၊ လမ်းမပေါ်က ကားဟွန်းတီးသပိတ်စတဲ့ နည်းလမ်းအ မျိုးမျိုး အသုံးပြုကာ အကြမ်းမဖက်တဲ့နည်းတွေနဲ့ ဆန္ဒပြနေကြတာပါ။
တဆက်တည်းမှာပဲ စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေ နဲ့ ဆေးလောကသားတွေက စတင်ကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement)ကို လုပ်ဆောင်နေကြတာ ဖြစ်ပြီး လက်ရှိမှာတော့ တခြား ကဏ္ဍအသီးသီးက ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်း ပါဝင်လှုပ်ရှားနေကြတာပါ။
နောက်ပိုင်းမှာတော့ နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ ကျဆုံးမှုတွေ၊ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံရတာတွေနဲ့အတူ အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့တာ ဖြစ်ပါတယ်။