ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီ တပ်စခန်းတစ်ခုဖြစ်တဲ့ (စကခ ၈)လက်အောက်ခံ (ခလရ-၄၀၅) မောလိုကလိုးစခန်းကနေ ကရင်ပြည်သူတွေနေထိုင်တဲ့ ရွာထဲကို လက်နက်ကြီးနဲ့ပစ်ခဲ့တာကြောင့် ရွာသား ၄ ယောက် ထိခိုက်ဒဏ်ရာရသွားပါတယ်။
အဲဒီထိခိုက်ဒဏ်ရာ ရသွားတဲ့ သူတွေထဲမှာ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသား ၃ ယောက် ပါဝင်တယ်လို့ သိရပါတယ်။
ဧပြီ ၈ ရက်နေ့ ညနေ ၆ နာရီခွဲကျော်လောက်ကvလည်း ပေါ်ခေးခို အခြေစိုက် တပခ ခမရ-၂၀ တပ်စခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကရင်ရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး ယဲမူပလောအုပ်စု မေဖွဲထာကျေးရွာမှ အသက် ၆၀ အရွယ် စောကီဘူးကို ထိမှန်သေဆုံးခဲ့တယ်လို့ ကေအန်ယူပြန်ကြားရေးက သတင်းထုတ်ထားပါတယ်။
အကြမ်းဖက်အာဏာသိမ်းစစ်တပ်က နယ်မြေကျော်လွန်မှုတွေလုပ်ခဲ့ပြီး ပြည်သူတွေ နေထိုင်တဲ့ရွာကို လက်နက်ကြီးနဲ့ ပစ်တာက အန်စီအေစာချုပ်ကိုချိုးဖောက်နေတာဖြစ်တယ်လို့ KNLA တပ်မဟာ (၅)တာဝန်ရှိသူက ပြောပါတယ်။