ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပေါ်ရပ်ကွက်တွေမှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဗလီတွေကို ဧပြီလ ၈ ရက်နေ့ညနေပိုင်းကစတင်ကာ အကြမ်းဖက်ရဲနဲ့ စစ်တပ်က ဝင်ရောက်ရှာဖွေနေတယ်လို့ သိရပါတယ်။
ဘုရားကျောင်းတွေနဲ့ ဗလီတွေထဲကို ရဲနဲ့စစ်တပ်အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ရှာဖွေတာတွေပြုလုပ်ခဲ့ပေမယ့် ဖမ်းဆီးသွားတာမျိုးတော့ မတွေ့ဘူးလို့ မျက်မြင်တွေ့သူတွေက DVB ကိုပြောပါတယ်။
"ညနေ ၅ နာရီလောက်က ရောက်လာပြီး ဝင်ရှာကြတာ။ အကုန်နေရာစုံအောင်ပတ်ရှာတာတွေ့တယ်၊ ဘာရှာတယ်ဆိုတာတော့ သေချာမသိရဘူး၊ နာရီဝက်လောက်ကြာတော့ ပြန်ထွက်လာတာတွေ့တယ်။''
ခရစ်ယာန်ဘုရားကျောင်းတွေဖြစ်တဲ့ ကိုသာဖြူဘုရားကျောင်း၊ မြောင်းမြခရစ်ယာန်ဝင်းနဲ့ ထောင်ကုန်းဗလီထဲ ဝင်ရှာခဲ့တယ်လို့ ဆိုပါတယ်။
ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် သေဆုံးသူ ၈ ဦးရှိပြီး ဖမ်းဆီးခံရသူ ၁၅ ဦးကျော်ရှိပြီလို့ သိရပါတယ်။