အရေးပေါ်လူနာသွားကယ်တဲ့ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် စေတနာ့ဝန်ထမ်းတွေကိ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က လက်မြှောက် ဒူးထောက်ခိုင်းပြီး စစ်ဆေးမြန်းခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
စေတနာ့ဝန်ထမ်း လူငယ် ၄ ဦးဟာ မော်လမြိုင်ဈေးကြိုရပ်မှာ ဧပြီ ၂ ရက်နေ့ည ၇ နာရီလောက်က ယာဉ်တိုက်မှုဖြစ်လို့ ဖုန်းဆက် အကူအညီ တောင်းခံလာတဲ့အတွက်ကြောင့် သွားရောက် ကယ်ဆယ်ရာမှာ အခုလို အကြမ်းဖက်ခံခဲ့ရတာ ဖြစ်ပါတယ်။
အကြမ်းဖက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က စေတနာ့ဝန်ထမ်းလူငယ်တွေကို ကားပေါ်က ဆင်းခိုင်းပြီး သေနတ်ချိတ်ကာ လက်မြောက် ဒူးထောက်ခိုင်းပြီး စစ်ဆေးမေးမြန်းတာတွေ ကျူးလွန်ခဲ့တာပါ။
လူနာတွေကို ကယ်တင်နေတဲ့ စေတနာ့ဝန်ထမ်းတွေကို တရားခံတွေလို စစ်ဆေးမေးမြန်းတာဟာ မဖြစ်သင့်တဲ့ ကိစ္စရပ် တစ်ခု ဖြစ်သလို အခုလို အကြမ်းဖက်ခံရတဲ့အပေါ် ရှုတ်ချတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဒါကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ည ၇ နာရီမှ မနက် ၄ နာရီအတွင်း ဆောင်ရွက်ပေးတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။