ရက်စက်ကြမ်းကြုတ်တဲ့ အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင်တွေအနေနဲ့ ပြည်သူကပေးတဲ့ပြစ်ဒဏ်ကို မလွဲမသွေခံယူရမယ်လို့ PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားလိုက်ပါတယ်။
အန်စီအေ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဉီးဆောင်အဖွဲ့ (PPST)အစည်းအဝေးကို ဧပြီ ၃ ရက်နေ့မှာ ကျင်းပနေရာမှာ RCSS/SSA ရှမ်းပြည်တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောဆိုခဲ့တာပါ။
အဲဒီအစည်းအဝေးမှာ အန်စီအေ စာချုပ်ကို ပြန်လည်သုံးသပ်ဖို့၊ ပြည်သူတစ်ရပ်လုံးဆင်နွှဲနေတဲ့ နွေဉီးတော်လှန်ရေးနဲ့ CDM လှုပ်ရှားမှုကို ဆက်လက်ပံ့ပိုးကူညီဖို့၊ ပြည်သူလူထုကို စစ်ကောင်စီရဲ့ အကြမ်းဖက်ပစ်ခတ်နှိမ်နင်းမှုကို တားဆီးဖို့၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ရဲ့ လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းတွေနဲ့ PPSTရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးသွားမယ်လို့ဆိုပါတယ်။
အကြမ်းဖက်မှုတွေအကြားက နည်းလမ်းပေါင်းစုံနဲ့ နွေဉီးတော်လှန်ရေးကို အရှိန်အဟုန်နဲ့ မကြောက်မရွံ့ဆင်နွှဲနေတာကိုလည်း လေးလေးနက်နက် ဂုဏ်ပြုတယ်လို့လည်း ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါတယ်။
PPSTအနေနဲ့ ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေး၊ ဒီမိုကရေစီရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ဖမ်းဆီးခံရသူတွေအားလုံး ချက်ချင်းလွှတ်ပေးရေး စတဲ့ကြွေးကြော်သံတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်နေတဲ့ အလွှာအသီးသီးက ပြည်သူတွေနဲ့တူ ခိုင်ခိုင်မာမာရပ်တည်နေတယ်လို့လည်း ဆိုပါတယ်။