ရန်ကုန် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက် တပ်ဖွဲ့တွေက ဒီကနေ့ မတ်လ ၃၀ ရက် မနက် ၉ နာရီလောက်ကစတင်ပြီး ရပ်ကွက်တွေထဲကို ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့လို့ ပြည်သူ ၁ ဦးကျဆုံးပြီး ၄ ဦးလောက် ဒဏ်ရာရရှိကာ အန်အယ်လ်ဒီ ပါတီဝင် ၁ ဦးဖမ်းဆီးခံရပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေက ဒီမနက် ဘူဒိုဇာတွေနဲ့ လှော်ကားလမ်းမကြီး တစ်လျှောက်ရှင်းလင်းသွားပြီး နောက် ရပ်ကွက်တွေထဲ ဝင်ရောက်စီးနင်းပစ်ခတ်မှုများ ပြုလုပ်ခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူတွေလည်းရှိခဲံကာ တောင်ဒဂုံမြို့နယ် ၁၀၅ ရပ်ကွက်စက်မှုလက်မှုသင်တန်းကျောင်းမှာ တပ်စွဲထားတယ်လို့သိရပါတယ်။
တောင်ဒဂုံမှာ ၄ ရက်ဆက်တိုက် နေ့ရောညပါဝင်ရောက်ဖြိုခွင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသူတွေတွေများလာပြီး လက်ရှိကျန်ရှိနေတဲ့ ဒေသခံတွေဟာ လည်းရိက္ခာနဲ့ သောက်ရေ လိုအပ်ချက်တွေ ရှိနေပါတယ်။
ဒေသခံတဦးက ''မနက်ကတည်းက ဝင်စီးတာ၊ ဒီနေ့နဲ့ဆို ၄ ရက်မြောက်ပြီ။ နေ့တိုင်းဝင်ပစ်နေတာ။ မနေ့ကကော ဒီနေ့ လည်းထပ်ကျတယ် ။ ထိခိုက်သူတွေလည်းရှိတယ်။ အခက်အခဲကတော့ ရိက္ခာပဲ။ ဆိုင်တွေစျေးတွေမဖွင့်တော့ ဝယ်မရဘူး။ အပြင်ပါမထွက်ရတော့ပို ဆိုးတာပေါ့ ရေသည်တောင်လာမပို့တာ ၅ ရက်ရှိပြီ '' လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒီကနေ့ ညနေပိုင်း ရဲနဲ့ စစ်တပ်က ရပ်ကွက်အတွင်း ဝင်ရောက်ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပြီးနောက် တောင်ဒဂုံမြို့နယ် အန်အယ်လ်ဒီ ပါတီဝင် ဦးသိန်းစိုးကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။
အန်အယ်လ်ဒီ ပါတီဝင်ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး မြင်တွေ့ခဲ့ရသူတစ်ဦးက''ညနေ ၅ နာရီ ခွဲလောက်က ၁၀၄ အတွင်းလမ်းကနေ လမ်းကြားထဲကတက်လာပြီး ၇၀ ထဲဝင်လာတာ အကုန်လုံး အပြင်မထွက်ရဲကြဘူးမြင်တာနဲ့ပစ်တာ။ ခဏနေလောက်ကြာတော့ ဦးသိန်းစိုးကို ခေါ်သွားတာတွေ့လိုက်ရတယ်။ ဘာမှပါသွားပုံမပေါ်ဘူး။စွပ်ကျယ်နဲ့ပဲ လိုက်သွားတာ တွေ့လိုက်ရတယ် ''လို့ ပြောပါတယ်။
အကြမ်းဖက်တပ်ဖွဲ့တွေက တောင်ဒဂုံမြို့မှာ ဝင်ရောက်ဖြိုခွင်းနေတာ ဒီကနေ့နဲ့ဆိုရင် ၄ ရက်မြောက်ရှိပြီဖြစ်ပြီးကျဆုံးသူအတည်ပြုရသလောက် ၁၅ ယောက်နဲ့ ဒဏ်ရာရသူ အနည်းဆုံး အယောက် ၃၀ လောက်ရှိပါတယ်။