အုတ်တွင်းမြို့နယ် ကျွဲပွဲမြို့မှာ မတ် ၂၈ ရက်ညက စစ်တပ်က ပစ်ခတ်လို့ ကျဆုံးခဲ့တဲ့ လူငယ် ၁ ဦးရဲ့ အလောင်းအား စစ်တပ်က ယူသွားပြီးနောက် မတ် ၂၉ ရက်နေ့မှာ ပြန်ပေးခဲ့ပေမဲ့ ချက်ချင်း မီးသင်္ဂြိုဟ်ခဲ့ရပါတယ်။
"မနေ့ည ၉ နာရီ ဝန်းကျင်က ဆိုင်ကယ်နဲ့ ရွာကိုပြန်တာမှာ မြို့စိုးတံတားနားမှာ ဆိုင်ကယ်မရပ်ပေးလို့ဆိုပြီး ပစ်လိုက်တာ၊ ဗိုက်ပွင့်သွားတယ်။ သေပြီးတော့ နာရေးကားနဲ့ စစ်သားတွေ ရင်ခွဲရုံကို ယူသွားပါတယ်။ မနက် ၁ နာရီလောက်မှာ စစ်ဆေးရုံ (နှစ်ဆောင်မြိုင်) ကိုရောက်တယ်။ မိသားစုတွေ လိုက်သွားတော့ မနက်မှ ရင်ခွဲပြီးရင် ရဲစခန်းက ဖုန်းဆက်မယ်ဆိုပြီး ပြန်လွှတ်လိုက်တယ်။ ဒီနေ့လယ် ၂ နာရီခွဲ (မတ် ၂၉) မှာ အလောင်းကိုရင်ခွဲရုံက ထုတ်ပြီးတော့ ချက်ချင်း မီးသင်္ဂြိုဟ်ပေးရတယ်" လို့ ဒေသခံ တယောက်က ပြောပါတယ်။
သေဆုံးသူဟာ အသက် ၂၅ နှစ်အရွယ် မောင်ဇင်ယော်နီဖြစ်ပါတယ်။