ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၇ ရပ်ကွက် ရာမညမှာ မတ်လ ၂၇ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကိုင်တပ်တွေက သေနတ်နဲ့ လိုက်ပစ်လို့ ပြည်သူ ၂ ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ရဲနဲ့စစ်တပ်က လိုက်လံဖြိုခွင်းရင်း ရပ်ကွက်လမ်းတွေထဲအထိ လိုက်ပစ်ခဲ့လို့ အမျိုးသား ၁ ဦးပေါင်ထိပြီး နောက်အမျိုးသား ၁ ဦး ရင်ဘတ် ကျည်ဆန်ထိမှန် ကျဆုံးခဲ့တာလို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
" ဒီနေ့မနက် ၉ နာရီလောက်မှာစဖြစ်တာ လူစုနေတုန်းကို ဝင်ပစ်တာ တစ်ယောက်မှတော့ ဖမ်းမမိဘူး။ ဒါပေမဲ့ ရပ်ကွက်ထဲက လမ်းတိုင်းကို ဝင်ပစ်နေတာ အချက် ၁၀၀ ကျော်မကဘူး ပစ်တာ ကျည်အစစ်တွေပါသုံးတယ်၊ ၂ ဦးတော့ ဆုံးသွားတယ်'' လို့ ပြောပါတယ်။
ရပ်ကွက်ထဲက နေအိမ်တွေ လမ်းတွေကို သေနတ်တွေနဲ့ လိုက်ပစ်လို့ ရာမည ၉ လမ်းက အသက် ၃၆ နှစ်အရွယ် ကိုဝေလွင်ဦး ပေါင်ထိမှန် ကျဆုံးခဲ့သလို အသက် ၁၆ နှစ်အရွယ် ထောင်ကုန်းမှာ နေထိုင်တဲ့ ကိုထက်မြတ်သွင် ရင်ဘတ်ထိမှန်ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါဟာ ပုသိမ်မြို့မှာ မတ်လ ၁၄ ရက်နေ့က လူ ၂ ဦးသေဆုံးခဲ့တဲ့ ညသပိတ်ဖြိုခွင်းခံရမှုအပြီးမှာ ကျည်အစစ်နဲ့ ထပ်မံဖြိုခွင်းခံရတာလည်း ဖြစ်ပါတယ်။
ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဖေဖော်ဝါရီလ ၇ ရက်နေ့က စတင်ပြုလုပ်လာခဲ့တာဖြစ်ပြီး ရက်ပေါင်း ၄၉ ရက်မှာ ရဲတပ်ဖွဲ့ရဲ့ သေနတ်ပစ်လူစုခွဲတာကို ခံရတာ ၈ ကြိမ်ရှိပြီး သေဆုံးသူ ၄ ဦးရှိပြီ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဓာတ်ပုံ - CJ