မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ရပ်ကွက်ကျေးရွာတွေကို အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက် လက်နက်ကိုင်တပ်တွေက တရားမဲ့ပြုကျင့်ကာ နေအိမ်တွေကို ဝင်ရောက်ရှာဖွေပြီး အဖိုးတန်ပစ္စည်းတွေကို ယူဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၂၅ ရက်နေ့ မနက်ပိုင်းက ဂန့်ဂေါမြို့နယ် မြောက်ပိုင်းရှိ ကန်၊ ကန်သာ စတဲ့ ကျေးရွာတွေကို အင်အားအလုံးအရင်းနဲ့ဝင်ရောက်ကာ ရွာခံတချို့ရဲ့ လမ်းညွှန်ပြတဲ့ နေအိမ်တချို့ကို ဝင်ရောက်ရှာဖွေနေပြီး ငွေသားနှင့် အဖိုးတန်ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ ဆိုပါတယ်။
ကန်သာကျေးရွာအတွင်းဝင်ရောက်ရှာဖွေမှုမှာ CDM ပြုလုပ်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတချို့ရဲ့ နေအိမ်လည်းပါဝင်ပြီး အဆိုပါအိမ်က ငွေကျပ် ငါးသောင်းကျော်၊ ရွှေကြယ်သီးနှင့် ဘလူးတုဘောက်တွေ ယူဆောင်သွားတဲ့အပြင် နေအိမ်တံခါးကိုလည်း ရိုက်ချိုးဖျက်ဆီးသွားတယ်လို့ မျက်မြင်ဒေသခံတွေထံက သိရပါတယ်။
ကန်ကျေးရွာနေအိမ်တချို့ရှာဖွေရာမှာတော့ ဘာမှ မတွေ့ရဘဲ လူငယ်နှစ်ဦး ဖမ်းဆီးခံရ တယ်လို့ ဆိုပါတယ်။ ကန်၊ ကန်သာကျေးရွာတွေက မကွေးတိုင်း လျှပ်စစ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်ဇော်ရဲ့ ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။
မနေ့ကလည်း ဂန့်ဂေါမြို့အနီးက ပြား၊ ရှုံးရှီ စတဲ့ကျေးရွာတွေကို ဝင်ရောက်ရှာဖွေမှုတွေ ရှိတယ်လို့ သိရပါတယ်။ ရပ်ကွက် ကျေးရွာတွေကို ဝင်ရောက်ရှာဖွေရာမှာ ဒလန်တွေက ရှာရမယ့်နေအိမ်တွေကို လမ်းညွှန်တာတွေလုပ်နေပြီး တချို့ရပ်ကွက်ကျေးရွာတွေမှာတော့ ဒလန်အိမ်တွေကို ပြည်သူတွေက ခဲနဲ့ထုတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တပ်တွေရဲ့ ပစ်သတ်မှုကြောင့် အသက် ၆၀ ကျော် အမျိုးသမီးတစ်ဦးကျဆုံးထားပါတယ်။
ဂန့်ဂေါခရိုင်အနေနဲ့ စစ်ကောင်စီ အကြမ်းဖက်လက်နက်ကိုင်တပ်တွေရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးသူ နှစ်ဦးရှိပြီလည်းဖြစ်ပါတယ်။