ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်အတွင်းမှာ ၂၀၂၀ အထွေထွေးရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်ပြီး အနိုင်ရရှိခဲ့တဲ့ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးကောက်ပွဲဝင်ခွင့် အာမခံ ငွေပြန်လာထုတ်ဖို့ ကော်မရှင်ကနေ အကြောင်းကြားတာတွေ ရှိလာတယ်လို့ ကိုယ်စားလှယ်တွေဆီက သိရပါတယ်။
ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေ ၃ သိန်းကျပ် ပြန်လာထုတ်ယူဖို့ ပုသိမ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်က မတ်လ ၂၃ ရက်နေ့ ရက်စွဲပါစာနဲ့ အကြောင်းကြားလာတာလို့ လွှတ်တော်ကိုယ်စားလှယ် ၁ ဦးကပြောပါတယ်။
"ဒါက သိသာပါတယ်၊ ခုလိုချိန်မျိုးမှာ သွားထုတ်တာနဲ့ ဖမ်းမယ်ဆိုတာ ကလေးတောင် သိပါတယ်။ ဖမ်းဖို့လည်း ခုလိုအကြောင်းကြား ခေါ်တာလို့ ထင်ပါတယ်။ ကျနော်တို့ကတော့ မထုတ်တော့ဘူး''လို့ ပြောပါတယ်။
စစ်တပ်ရဲ့ မတရား တရားစွဲခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အဖမ်းမခံဘဲ ရှောင်တိမ်းနေတာတွေကြောင့် ခုလိုမျိုး စာထုတ် ပြီးခေါ်ယူတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် တွေကို ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်ရဲ့အာဏာသိမ်းအပြီးမှာ ဖမ်းဆီးတာတွေပြုလုပ်ခဲ့ပြီး တရားစွဲဆိုတာတွေလည်း ပြုလုပ်ထားတာပါ။
အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေကို အာမခံငွေ ၃ သိန်း ပြန်လာထုတ်ဖို့ အကြောင်းကြားစာမှာတော့ မတ်လ ၃၀ ရက်နေ့ နောက်ဆုံးလာထုတ်ဖို့ ပြောဆိုထားတယ်လို့ သိရပါတယ်။