Home
မြန်မာသတင်း
ထားဝယ် ဝဲကျွန်းရပ်ကွက်က ပြည်သူအချို့ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီး
DVB
·
March 22, 2021
161449701_3826415084061249_2530439827528631686_n

တနင်္သာရီတိုင်း ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်က လူနေအိမ်တွေကို မွန်းလွဲ ၂ နာရီခွဲလောက်မှာ အကြမ်းဖက် စစ်အုပ်စုက ဝင်ရောက်စီးနင်းပြီး ပြည်သူ အနည်းဆုံး ၁၀ ယောက်ကျော် ဖမ်းဆီးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဝဲကျွန်းရပ်ကွက် အမှတ် (၄) လမ်း၊ ရေသိမ်လမ်း၊ အောင်မင်္ဂလာလမ်းတို့က လူနေအိမ်တွေကို အကြမ်းဖက်ရဲနဲ့စစ်တပ်က အင်အားအများအပြားနဲ့ ရောက်လာပြီး ယောက်ျား၊ မိန်းမ၊ ကလေး၊ လူကြီး ၁၀ ယောက်ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့  ဆိုပါတယ်။ 

မျက်မြင်ဒေသခံတဦးက “ပြီးခဲ့တဲ့ ရက်ပိုင်းက အဲဒီရပ်ကွက်မှာ စစ်သား ၁ ယောက်သေပြီး ၁ ယောက်ဒဏ်ရာတာနဲ့ ဆိုင်တယ်လို့ ထင်တယ် ဝင်ဖမ်းတာ။ အဲဒီနေ့က ဝဲကျွန်းရပ်ကွက်က ကင်းစောင့်နေတာ။ အဲအချိန် စစ်သားနှစ်ယောက်က ဆိုင်ကယ်နဲ့လာတော့ ကင်းစောင့်တဲ့သူတွေက တားတာကို တိုက်ပြီး သွားလိုက်တယ်။ တခြားနေရာတွေက လူတွေကိုလည်း တိုက်တယ်၊ အဲတော့ လူတွေက တားတော့ ရိုက်ကြနှက်ကြ ဖြစ်ကြတယ်။ စစ်သား ၁ ယောက်သေသွားတယ်၊ ၁ ယောက်က ဒဏ်ရာရတယ်။ အဲဒီကိစ္စအခဲမကျေဘဲ ဖြစ်တဲ့ လမ်းသုံးလမ်းက လူတွေကို လာဖမ်းတာ” လို့ ပြောပါတယ်။

မတ် ၁၈ ရက်ကလည်း ဝဲကျွန်းရပ်ကွက်ကို အကြမ်းဖက်စစ်အုပ်စုက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ပြီး သပိတ်ခေါင်းဆောင် ၂ ဦး အပါအဝင် ၁၀ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

မနေ့ညကလည်း အိုးလုပ်ရပ်ကွက်က ကင်းစောင့်နေတဲ့ အမျိုးသား ၄ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ထားဝယ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်စစ်ကြောင်းတွေကို အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေဆုံးသူ ၅ ယောက်နဲ့ ဖမ်းဆီးခံရသူ စုစုပေါင်း ၆၀ ကျော်ရှိပြီဖြစ်ကာ အချို့လည်း ပြန်လွတ်လာတယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်ရဲနဲ့စစ်တပ်က ဖမ်းဆီးထားသူတွေကို ထားဝယ်အကျဉ်းထောင်မှာ ထားရှိပြီး ပုဒ်မ ၅၀၅ (က)၊ ၅၀၅ (ခ) တွေနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

ထားဝယ်မြို့မှာ ဒီနေ့မနက် ၇ နာရီကလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ထားဝယ်တက္ကသိုလ်သပိတ်စစ်ကြောင်းနဲ့ NLD လူငယ်တွေ ပူးပေါင်းဆန္ဒပြခဲ့ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024