ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ မတ်လ ၂၁ ရက်နေ့ ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတဲ့ ဆိုင်ကယ်သပိတ်ကို အကြမ်းဖက် ရဲနဲ့စစ်တပ်က လိုက်လံဖမ်းဆီးခဲ့ပြီး ၂ ဦး အဖမ်းခံရတယ်လို့ သိရပါတယ်။
စစ်အာဏာရှင် ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ် လှည့်လည်နေချိန်မှာ ဖျာပုံမြို့၊ (၇)ရပ်ကွက် ကမ္ဘာလုံးဘုရားအနီးမှာ အကြမ်းဖက် စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေက ဖမ်းဆီးသွားတာလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
ဖမ်းဆီးခံခဲ့ရသူ နှစ် ဦးဟာ ဖျာပုံမြို့ အမှတ် ၄ ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးနဲ့ ၁၈ ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးတို့ဖြစ်ကြပြီး အသက် ၂၀ ကျော်အရွယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖျာပုံမြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၇ ရက်နေ့က စတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့တာ ၄၃ ရက်မြောက်နေ့ရှိပြီလည်း ဖြစ်ပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြတဲ့ ရက်ပေါင်း ၄၃ ရက်မှာ ရဲတပ်ဖွဲ့ရဲ့ သေနတ်ပစ်လူစုခွဲတာကို ခံရတာ ၂ ကြိမ်ရှိပြီး သေဆုံးသူ ၁ ဦးရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဓာတ်ပုံ - CJ