ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ နိုင်ငံခြားခရီးသွားဧည့်သည်တွေနဲ့ ပြင်တွင်း ခရီးသွားတွေ လာရောက်လည်ပတ်မှုများတဲ့ ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေတွေကို အကြမ်းဖက် အာဏာသိမ်းစစ်တပ်က ပြန်ဖွင့်ဖို့အတွက် စီစဥ်နေတယ်လို့ သိရပါတယ်။
ဒါပေမယ့် ကမ်းခြေဒေသခံပြည်သူတွေကတော့ ဟိုတယ်တွေ ပြန်ဖွင့်ပြီး အပန်းဖြေ လာရောက်လည်ပတ်သူတွေရှိလာရင် အကြမ်းဖက် အာဏာသိမ်း စစ်တပ်ရဲ့ မီဒီယာတွေနဲ့ နိုင်ငံတကာကို ဝါဒဖြန့်မှာ စိတ်ပူတဲ့အတွက် ကန့်ကွက်တာတွေ ပြုလုပ်သွားဖို့ ရှိတယ်လို့ ဒေသခံတွေက DVB ကိုပြောပါတယ်။
"အမှန်ကတော့ ပိတ်ထားရတာကြာပြီဖြစ်လို့ စားဝတ်နေရေး အခက်အခဲကြောင့် ပြန်ဖွင့်စေချင်ပြီ။ ဒါပေမယ့် ခုလို ကာလမှာ စားစရာမရှိတောင် ဒီကမ်းခြေတွေဖွင့် စီးပွားရှာမှာ မဟုတ်ဘူး။ လျှာပေါ်မြက်ပေါက်ပါစေ နိုင်ငံခေါင်းဆောင်တွေ ဖမ်းဆီးခံထားရတဲ့ အချိန်မျိုးမှာ ကိုယ်ကျိုးရှာမှာ မဟုတ်ပါဘူး။ ဒီနေ့လည်း တိုင်ပင် ဖြစ်ပါတယ် ကန့်ကွက်သွားမှာပါ'' လို့ ဒေသခံတစ်ဦးက DVB ကိုပြောပါတယ်။
ကမ်းခြေဒေသတွေမှာ စစ်တပ်အာဏာသိမ်းတာနဲ့ပတ်သက်ပြီး အခြားမြို့တွေနည်းတူ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတာတွေ ပြုလုပ်နေပေမယ့် စစ်တပ်အကြီးအကဲတွေရဲ့ သားသမီးပိုင် ဟိုတယ်တွေ ရှိနေတာကြောင့် ဝန်ထမ်းတွေပြန်ခေါ်ပြီး ဖွင့်မှာကိုတော့ စိတ်ပူမိတယ်လို့ ဆိုပါတယ်။
ချောင်းသာကမ်းခြေဒေသမှာနေထိုင်တဲ့ ဟိုတယ်ဝန်ထမ်း ၁ ဦးကတော့ ခုလိုအချိန်ကာလမှာ ဟိုတယ်ကပြန်ခေါ်ပြီး အလုပ်ခိုင်းရင်လည်း CDM လုပ်တဲ့ ဝန်ထမ်းတွေနည်းတူ ငြင်းဆန်သွားမယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေရှိလာချိန်က စတင်ကာ တိုင်းအတွင်းက ချောင်းသာ၊ ငွေဆောင်နဲ့ အခြားကမ်းခြေတွေကို ပိတ်ထားခဲ့တာ ၁ နှစ်ကျော်လာပြီဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုက ပြန်ဖွင့်လှစ်ဖို့ စီစဥ်နေတာလည်း ဖြစ်ပါတယ်။
ချောင်းသာနဲ့ ငွေဆောင် ကမ်းခြေတွေမှာတော့ ကိုဗစ်ကြောင့် ပိတ်ထားပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းက စတင်ကာ ဒေသတွင်း ခရီးသွားလည်ပတ်မှု မရှိသလောက် ဖြစ်နေခဲ့တာ ကြာပြီလို့ ဒေသခံတွေက ပြောဆိုပါတယ်။