အဖြစ်အပျက်တွေက မြန်ဆန်လွန်တယ်။ တနေ့နဲ့တနေ့ မတူသလို တနေ့တည်းမှာပဲ မနက်၊ ည မတူအောင် ပြောင်းလဲနေတယ်။ နိုင်ငံရေးရာသီဥတုကလည်း နိုင်ငံရေးအကဲခတ်သူ ဆရာကြီးများကိုယ်တိုင် လိုက်မမီ။ တိမ်အလျင်လိုပင် မြန်ဆန်လှတယ်။ မာယာများလွန်းတယ်။ စစ်အာဏာလုမှု ၉ လပြည့်ခါနီးလေလေ အဖြစ်အပျက်တို့ အဟုန်ပြင်းလေလေပင်။ လအလိုက်ပိုင်းခြားပြီး ပြန်လည်သုံးသပ်မှတ်တမ်းလုပ်ရင်တောင် မပြည့်စုံနိုင်။
ပြည်သူ့အစိုးရထံက အာဏာကို အဓမ္မလုယူခံရတာ ၈ လပြည့်ပြီးတဲ့နောက် စက်တင်ဘာ ၇ ရက်နေ့မှာပဲ ယာယီသမ္မတ ‘ဒူဝါလရှီလ’က မြန်မာနိုင်ငံအတွက်အရေးပေါ်ကြေညာချက်ကို ထုတ်ပြန်ကြေညာခဲ့တယ်။ အဲဒီကြေညာချက်ကို တချို့က D-Dayလို့ ထင်မြင်ယူဆခဲ့ကြတယ်။ အမျိုးသားညီညွတ်ရေးအစိုးရကိုယ်တိုင်ကတော့ D-Day လို့ သတ်မှတ်ခဲ့ဟန်တော့ မတွေ့ရဘူး။ စစ်ကြေညာတဲ့သဘောတော့ ဆောင်တယ်။
“၂၀၂၁ ခု စက်တင်ဘာ ၇ ရက်နေ့မှစတင်ပြီး အရေးပေါ်အခြေနေအဖြစ် သတ်မှတ်ကြောင်း”လို့ ပဲ ဖော်ပြခဲ့ပါတယ်။ စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ဖို့အတွက် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူအားလုံးပါဝင်ဖို့လှုံ့ဆော်ကြေညာခဲ့တာပါပဲ။ အဲ့ဒီ ကြေညာချက်ဟာ မြန်မာလူထုကြားသာမက ကမ္ဘာ့နိုင်ငံတွေအထိပါ ဂယက်ရိုက်ခတ်လာခဲ့တယ်။ အဲ့ဒီနောက်ပိုင်း မြန်မာနိုင်ငံမှာ လူမှုရေး၊ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးတွေဟာ သိသာထင်ရှားတဲ့ ပုံရိပ်တွေ ထင်လာတယ်။
မြန်မာလူထုကြားမှာတော့ စစ်တပ်ကို နောက်ခံပြုတဲ့သူတွေနဲ့ ပြည်သူဘက်သားဆိုပြီး သိသိသာသာ ကွဲပြားလာခဲ့တယ်။ စစ်တပ်ကို နောက်ခံပြုတဲ့အုပ်စုဟာ လူနည်းစုဖြစ်တယ်။ ဘာသာရေးအစွန်းရောက်အုပ်စုနဲ့ စစ်သားလူထွက်တွေနဲ့ စစ်တပ်လိုလားသူတွေ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတချို့ ပူးပေါင်းပါဝင်နေတာကို တွေ့ရတယ်။ တပြိုင်တည်းပဲ အာဏာလုထားတဲ့စစ်အုပ်စုဟာ သူ့အုပ်ချုပ်ရေးခိုင်မြဲဖို့ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့တွေကို ကိုဗစ်-၁၉ ကို အကြောင်းခံပြီး တည်ဆောက်ဖို့ကြိုးပမ်းလာတယ်။
ဒါပေမဲ့ အောက်တိုဘာလဆန်းပိုင်းကစပြီး စစ်အုပ်စုတည်ဆောက်ထားတဲ့ ရပ်/ကျေးအုပ်ချုပ်ချုပ်ရေးမှူ တချို့ဟာ နုတ်ထွက်စာတင်ပြီး စစ်အုပ်စုနဲ့ ကင်းအောင်ရပ်တည်လာခဲ့ကြတယ်။ တချို့မြို့နယ်တွေမှာ ‘စစ်အုပ်ချုပ်ရေးကင်းစင်မြို့’ ဆိုပြီး ကြေညာလာခဲ့ကြတယ်။ အထူးသဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမှာ ‘အုပ်ချုပ်ရေး မှူးကင်းစင်မြို့’အဖြစ် ကြေညာလာတာကို တွေ့ရတယ်။ ရန်ကုန်တိုင်းက မြို့နယ်တချို့တောင် အုပ်ချုပ်ရေးမှူး မရှိတာ တွေ့လာရပါတယ်။
ကယားပြည်နယ်(ကရင်နီ) ဒေသကမြို့တွေမှာတော့ အုပ်ချုပ်ရေးမှူး ကင်းစင်ရုံသာမက ကရင်နီပြည်သူ့ရဲတွေကိုပါ ဖွဲ့စည်းနိုင်တာကိုတွေ့လာရတယ်။ ကရင်နီဒေသအုပ်ချုပ်ရေးအတွက် ကရင်နီပြည်သူ့ရဲအဖွဲ့က ထိန်းချုပ်ထားတာ ကိုတွေ့လာရပါတယ်။ ဒီအချက်တွေအရ အောက်တိုဘာလအတွင်းကစပြီး တချို့ဒေသတွေမှာ စစ်အုပ်စုရဲ့အုပ်ချုပ်ရေး ကျဆုံးလာနေတယ်လို့ ပြောရမှာပဲဖြစ်တယ်။ ဒါပေမဲ့ တချို့ဒေသတွေမှာတော့ စစ်အုပ်စုက နုတ်ထွက်ခွင့်မပေးတဲ့အတွက် ပုန်းရှောင်နေကြတာတွေလည်း ရှိတယ်လို့သိရတယ်။
ထူးခြားမှုအနေနဲ့ ‘ဒလန်’လို့ခေါ်တဲ့ အရပ်ဘက်ကြေးစား စစ်သတင်းပေးတချို့က သူတို့ဟာ ဒလန်မဟုတ်ကြောင်း ‘စပီကာ’နဲ့ ရပ်ကွက်ကျေးရွာတို့ကို လှည့်ပြီးကြေညာကြတာရှိသလို စာရေးပြီး ‘ဒလန်’မဟုတ်ကြောင်း ကြေညာတာနဲ့ လူကိုယ်တိုင် PDF တွေထံသွားပြီး ရှင်းပြတာတွေလည်းရှိနေခဲ့တယ်။
လူငယ်မျိုးဆက်သစ်(GZ)တွေကလည်း ဆန္ဒပြချိန်မှာလည်း “စစ်ကောင်စီရဲ့ ဒေါက်တိုင်မှန်သမျှ ဖြိုဖျက်ကြ”ဆိုတဲ့ ဆိုင်းဘုတ်တွေကိုင်ပြီး ဆန္ဒပြလာကြတယ်။ စစ်သတင်းပေးကြေးစား ဒလန်တချို့လည်း နေ့စဉ်နဲ့အမျှ ထိခိုက်ဆုံးရှုံးနေတာတွေကိုလည်း ကြားသိနေရတယ်။
စစ်အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ အောက်တိုဘာလ ၂၁ ရက်နေ့အထိကာလအတွင်း စစ်ကောင်စီဘက်က အရပ်သား ၁၁၅၅ ဦး သေဆုံးပြီး စစ်သား၊ ရဲနဲ့ အစိုးရဝန်ထမ်း ၁၈၂ ဦးသေဆုံးသွားတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အောက်တိုဘာ ၂၄ ရက်မှာ သတင်းထုတ်ပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၉၈၆ ကြိမ်၊ ဗုံးခွဲတိုက်ခိုက်မှု ၂၃၄၄ ကြိမ်၊ မီးရှို့ဖျက်ဆီးမှု ၃၁၂ ကြိမ်၊ စုစုပေါင်း ၃၆၄၂ ကြိမ်ရှိတယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ကောက်ယူရရှိထားတဲ့စာရင်းအရတော့ စစ်အာဏာသိမ်းကာလ ၉ လအကြာ အကြမ်းဖက်စစ်တပ် ပစ်ခတ် သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူပေါင်း အယောက် ၁,၂၂၀ အထိရှိတယ်လို့ သိရပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၉၃၈၆ ယောက် ဖမ်းဆီးခံခဲ့ရကာ ၇၀၄၉ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၉၉ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီကတော့ ပြီးခဲ့တဲ့ သီတင်းကျွတ်လွတ်ငြိမ်းသက်သာခွင့်နဲ့ အကျဉ်းသားတွေနဲ့ အမှုရင်ဆိုင်နေရသူတွေ ၅၀၀၀ ကျော်ကို အမှုပိတ်သိမ်း ပြန်လွှတ်ပေးမယ်လို့ ကြေညာခဲ့ပေမဲ့ ၁၀၀၀ လောက်သာ ပြန်လွတ်လာပြီး ရာနဲ့ချီပြန်လည်ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပါအဝင် အန်အယ်လ်ဒီအစိုးရနဲ့ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို အဂတိလိုက်စားမှုအပါအဝင် ပုဒ်မ အမျိုးမျိုးနဲ့ တရားစွဲထားခဲ့ပါတယ်။ တရားခွင် တခုမှာတော့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သူ့ကို စစ်တပ်က အဓမ္မရာထူးကနေ နုတ်ထွက်ခိုင်းခဲ့ကြောင်း ထွက်ဆိုခဲ့ပြီး သမ္မတကြီးက “နုတ်ထွက်မပေးနိုင်ဘူး။ အသေပဲခံလိုက်မယ်” လို့တုံ့ပြန်ခဲ့တဲ့အတွက် ကမ္ဘာကျော်သွားခဲ့ပါတယ်။
ကိုဗစ်-၁၉ကပ်ရောဂါအခြေအနေကလည်း စစ်အုပ်စုရဲ့ ပြည်သူအပေါ် စေတနာမဲ့တဲ့ လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေကြောင့် စက်တင်ဘာလထဲမှာ ပြည်သူတွေ ကိုဗစ် တတိယလှိုင်းဒဏ် အပြင်းအထန်ခံခဲ့ရပြီး ကျန်းမာရေးစောင့်ရှောက်မှုမရ ၊ ဆေးဝါးပြတ်လပ်၊ အောက်စီဂျင် မရလို့ နေ့စဉ်ထောင်နဲ့ချီတဲ့ပြည်သူတွေ မသေသင့်ဘဲ သေဆုံးခဲ့ကြရပါတယ်။
လက်ရှိအချိန် ကိုဗစ် ရောဂါပြန့်ပွားမှုနှုန်းကျဆင်းသွားပေမဲ့ အကင်းတော့မသေသေးဘူး။ ဒါပေမဲ့ စစ်အုပ်စုအနေနဲ့ သူတို့အုပ်ချုပ်ရေးအခြေနေကို မြှင့်တင်ဖို့ ဘုရားတွေကို သီတင်းကျွတ်လပြည့်မှာ စတင်ဖွင့်လှစ်ပေးခဲ့တယ်။ အဲ့ဒီမတိုင်ခင်ကတော့ ဘုရားဖူးကားတွေကိုခွင့်ပြုပေးခဲ့တယ်။ ဘုရားဖူးကားတွေနဲ့ အတူစစ်တပ်ဟာ ကိုယ်ရောင်ဖျောက်ပြီး PDF တွေကို နှိမ်နင်းဖို့ကြံရွယ်လုပ်ဆောင်လာခဲ့ကြတယ်။ PDF တွေက ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးကို ဦးစားပေးတာကြောင့် စစ်တပ်ကို မနှိမ်နင်းသာပဲ လွှတ်ပေးလိုက်ရတဲ့အကြောင်း လူမှုကွန်ရက်စာမျက်နှာ ဖော်ထုတ်ရေးသားပြီး သတိပေးကြေညာခဲ့ကြတယ်။
စစ်ကောင်စီက ကားလမ်း၊ ရထားလမ်းတွေ ဖွင့်ပြီး ပြေးဆွဲဖို့လုပ်ဆောင်ပေမယ့် အရေးပါတဲ့ ရထားလမ်းတွေဟာ သွားလို့မရ ဖြစ်နေခဲ့တယ်။ ရထားလမ်းတချို့မိုင်းခွဲခံရတယ်။ သာဓကအနေနဲ့ မန္တလေး၊ မေမြို့ လားရှိုးလမ်းမှာ ရထားသံလမ်း မိုင်းခွဲခဲ့တာကြောင့် ခရီးစဉ် ရပ်နားလိုက်ရတယ်။ ခရီးစဉ်ဆိုပေမဲ့ တကယ်တော့ လိုက်ပါစီးနင်းမယ့် ခရီးသည်မရှိဘဲ ဟန်ပြပြေးဆွဲနေခဲ့တဲ့ အခြေအနေကို တွေ့ရတယ်။
စစ်အရာရှိအတော်များများနဲ့ စစ်သားတချို့ ပြည်သူ့ထံ ခိုလှုံလာတာလည်း ရှိတယ်။ စစ်တပ်ရဲ့ တပ်ပြေးတွေဟာ လက်နက်နဲ့တကွ တပ်ကနေ ထွက်ပြေးလာတာလည်း ရှိနေတယ်။ အတည်ပြုလို့မရတဲ့သတင်းတချို့ အရဆိုရင် စစ်တိုင်းမှူးတချို့ကိုတောင် ရာထူးကချပြီး စစ်ဆေးအရေးယူတာတွေလည်းရှိနေတယ်။ တချို့သတင်းရင်းမြစ်တွေရဲ့ပြောပြချက်မှာတော့ တိုင်းမှူးတယောက် သေဆုံးတဲ့အထိ နှိပ်စက်ခဲ့တယ်လို့ဆိုပါတယ်။ ဒီလိုအခြေနေတွေကြောင့် စစ်တပ်ထိပ်ပိုင်းအရာရှိတွေဟာ တပ်နယ်မြေတွေကို လှည့်လည်စည်းရုံးရေး ဆင်းနေ ရတာကိုလည်း မြင်တွေ့ရတယ်။ လူထုထံခိုလှုံလာတဲ့ စစ်သားတွေရဲ့ပြောစကားတွေကြောင့် စစ်တပ်ထဲကနေ ထွက်ပြေးခိုလှုံလိုတဲ့စစ်သားတွေ ၄၀ ရာခိုင်နှုန်းလောက်ထိရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီလိုအခြေနေတွေမှာပဲ အာဏာလုစစ်အုပ်စုခေါင်းဆောင်ကတော့ နိုင်ငံတဝန်း လှည့်လည်ပြီး မြေအောက်မီးရထားလမ်းဖောက်ဖို့၊ လျှပ်စစ်ရထားနဲ့ လျှပ်စစ်ကားတွေပြေးဆွဲဖို့၊ သစ်အုသစ်ဖုနဲ့ ကိုဗစ်ကာကွယ်ဆေးဖော်ဖို့၊ ကြက်ဘဲမွေးမြူကြဖို့နဲ့ ၆ လအတွင်း စီးပွားတိုးတက်လာရေးတို့ကို စိတ်ကူးယဉ်ပြီး ဟန်မပျက်သောင်စဉ်ရေမရပြောနေတာလည်း တွေ့ရတယ်။
မြေပြင်လက်တွေ့မှာတော့ နေ့စဉ်နဲ့အမျှ စစ်ကောင်စီတပ်တွေဟာ ပြည်သူလူထုတွေကို ဖမ်းဆီးနှိပ်စက်၊ ပစ်ခတ်သတ်ဖြတ်တာ၊ ကျေးရွာတွေကို ဝင်ရောက်စီးနင်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ ပြည်သူပိုင်ပစ္စည်းဥစ္စာတွေကို ခိုးယူလုယက်တာတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြဖြစ်တယ်။ မြန်မာစစ်တပ်ရဲ့ ပြည်သူတွေအပေါ် ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ ပတ်သက်ပြီး AP သတင်းဌာနရဲ့ ဖော်ပြချက်ကိုကိုးကားပြီး အမေရိကန်က စုံစမ်းစစ်ဆေးရေးအဖွဲ့တွေအနေနဲ့ စစ်ဆေးပေးကြဖို့ ကုလသမဂ္ဂမှာ တင်ပြတောင်းဆိုရသည်အထိ ကျယ်ပြန့်လာခဲ့တယ်။
စီးပွားရေးအနေနဲ့ကြည့်ရင်တော့ မြန်မာစီးပွားရေးဟာ လုံးဝကျဆင်းသွားပြီး စီးပွားပျက်ကပ်ဆိုက်နေတဲ့ အခြေအနေပါ။ ကမ္ဘ့ာဘဏ်ကတော့ မြန်မာ့စီးပွားရေးဟာ ၁၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ပြည်ပကုန်သွယ်မှုကလည်း လျော့နည်းကျဆင်းသွားသလို နယ်စပ်ကုန်သွယ်ရေးတချို့လည်း ရပ်ဆိုင်းသွားခဲ့တယ်။ အထူးသဖြင့် တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ဂိတ်တွေ ရပ်ဆိုင်းသွားတာပါ။
တချိန်တည်းမှာပဲ မြန်မာကျပ်ငွေတန်ဖိုးဟာလည်း တဒေါ်လာကို ကျပ် ၂၀၀၀ ကျော်အထိ မြန်မာ့သမိုင်းမှာ အနိမ့်ဆုံးအဆင့်ထိ ကျဆင်းသွားခဲ့ပြီး ရွှေဈေးကလည်း စံချိန်တင် မြင့်တက်သွားခဲ့ပါတယ်။
စစ်အုပ်စုဟာ ရေခွန်မှအစ မီတာခအဆုံး မပေးဆောင်ရေး ပြည်သူတွေရဲ့ ‘ဘူး’သပိတ်ကြောင့် ဝင်ငွေရရေး အကြပ်ရိုက်လာခဲ့တယ်။ အောင်ဘာလေထီဆိုရင် ထိုးမယ့်သူမရှိသလောက် ဖြစ်လာခဲ့တယ်။ ဒီလိုအခြေနေတွေကြောင့် ဗဟိုဘဏ်ကနေ အရန်ငွေတွေကိုထုတ်ရောင်း ချရတဲ့အထိ ကပ်ဆိုက်လာခဲ့ပါတော့တယ်။ အာဏာလုထားတဲ့ ၉ လအတွင်းမှာ နိုင်ငံတော်အရန်ငွေ အမေရိကန်ဒေါ်လာ စုစုပေါင်း ၂၆၄ သန်းကျော် (မြန်မာငွေတန်ဖိုး ကျပ် ၄၅၂ ဒသမ ၆ ဘီလီယံ) ထိ ထုတ်ရောင်းခဲ့ပြီး ဖြစ်ပါတယ်။
သံတမန်အရေးမှာလည်း စစ်အုပ်စုအခြေမလှတဲ့ဘဝအနေကို ရောက်သွားခဲ့တယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံမှာလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက တက်ခွင့်ရခဲ့တယ်။ စစ်ကောင်စီခန့် ကိုယ်စားလှယ်တက်ခွင့်မရခဲ့ပါဘူး။ ဒီအခြေအနေတွေအရ ကုလသမဂ္ဂအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ သမ္မတအဖြစ် ဦးဝင်းမြင့်ကို အသိအမှတ်ပြုထားဆဲ ဖြစ်သလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို အသိအမှတ်ပြုထားဆဲဖြစ်တယ်လို့ ဆိုရမှာပါ။ ‘အာဏာလုစစ်အုပ်စု’ကိုတော့ အသိအမှတ်ပြုထားခြင်းမရှိတာ အသေအချာဖြစ်ခဲ့တယ်။
ဒါ့အပြင် အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဏာလုစစ်အုပ်စုခေါင်းဆောင်ကို ဖိတ်ကြားခြင်းမရှိပဲ ငြင်းပယ်ခြင်းခံလိုက်ရပြန်တယ်။ တချို့နိုင်ငံတွေကဆိုရင် ‘အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို သံရုံးဖွင့်ခွင့်ပေးထားတဲ့အပြင် ဘဏ်စာရင်းပါ ဖွင့်ခွင့်ပြုထားတာကြောင့် အမျိုးသားညီညွတ် ရေးအစိုးရအဖွဲ့ကို နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု တိုးတက်လာတာကို တွေ့နေရတယ်။ ဒါတွေဟာ ၉ လအကြာ လူထုရဲ့ အောင်မြင်မှုပဲဖြစ်တယ်။
စစ်ရေးအခြေနေကတော့ သီးခြားရေးမှပြည့်စုံနိုင်မယ်။ ဒါပေမဲ့ ရသလောက်ချဉ်းကပ်ကြည့်ရင် စစ်ကောင်စီဟာ အထိနာနေတယ်ဆိုတဲ့အချက်ကို သတိထားမိတယ်။ (KIA၊ KNU၊ KNPP၊ MNDAA။ CNF) စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေနဲ့လည်း တိုက်ပွဲများစွာဖြစ်ခဲ့တယ်။ ဖြစ်ပွားခဲ့တဲ့စစ်ပွဲတိုင်း အာဏာလုစစ်အုပ်စုတပ်ဟာ အကျဆုံးများစွာနဲ့ ဆုတ်ခွာနေတာကို မြင်တွေ့နေရတယ်။
ဒါကြောင့် စစ်အုပ်စုဘက်က ပွင့်လင်းရာသီမှာ ကြီးမားတဲ့စစ်ဆင်ရေးဆင်နွှဲဖို့ ပြင်ဆင်နေတဲ့ အရိပ်လက္ခဏာတွေကို တွေ့လာရတယ်။ စစ်ရေးလေ့လာသူတွေရဲ့အဆိုအရ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းတောင်တို့မှာ အင်အားအလုံးအရင်းနဲ့ ကြည်း၊ ရေ၊ လေ ပူးပေါင်းထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်။
တချို့လေ့လာသူတွေအပြောကတော့ ဒုတိယကမ္ဘာစစ်အပြီး မြန်မာနိုင်ငံမှာ အကြီးဆုံးသော စစ်ဆင်ရေးဖြစ်နိုင်တယ်’လို့သုံးသပ်ကြတယ်။” ပြည်သူ့ဘက်တော်သား PDF နဲ့ မြို့ပြ မြေအောက် ခုခံတွန်းလှန်ရေးအဖွဲ့ပေါင်း ၂၅၀ လောက်ရှိပြီး အဖွဲ့ ၅၀ လောက်ဟာ အာဏာလုစစ်တပ်ကို ရေကုန်ရေခန်းတိုက်ခိုက်နေကြတယ်”လို့ Jane စစ်ရေးစာစောင်မှာ အန်ထော်နီဒေးဗစ်ကရေး ပါတယ်။
နှစ်ပေါင်း ၇၀ ကျော်အတွေ့အကြုံရှိပြီး ကျင့်သားရနေတဲ့ အာဏာလုစစ်တပ်ကို လက်လုပ်သေနတ်နဲ့ ခုခံတွန်းလှန်နေတဲ့ ပြည်သူ့ဘက်သားတွေရဲ့ တိုက်စွမ်းရည်ဟာ အချိန်တိုအတွင်းမှာ ကျွမ်းကျင်ရုံမက အာဏာလုစစ်တပ်ထက်အပုံကြီးသာနေတာကိုတွေ့ရတယ်။ အဲ့ဒါဟာ အာဏာလုအဖွဲ့ရဲ့ စစ်သားတွေဟာစိတ်မပါတဲ့အပြင် စွမ်းရည် ကျဆင်းနေသလို PDFတွေအဖို့က “တော်လှန်မှဖြစ်မယ်။ အနိုင်ရမှဖြစ်မယ်”ဆိုတဲ့စိတ်ဓာတ်ကြောင့်ဖြစ်တယ်”လို့ ကမ္ဘာကျော် အီကောနောမစ်မဂ္ဂဇင်းကြီးက သုံးသပ်ထားပါတယ်။
ပြီးခဲ့တဲ့ ၃ လအတွင်း စစ်ကောင်စီတပ်သား ၁၇၀၀ လောက်ကျဆုံးပြီး ပြည်သူဘက်ကိုကူးပြောင်းလာတဲ့ အရာရှိ စစ်သည် ၁၅၀၀ ခန့်ရှိတယ်လို့ အမျိုးသားညွန့်ပေါင်းအစိုးရရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီးဖေါ်ပြကြတယ်။ ဒါအပြင် The Armed Conflict Location & Event Data project (ACLED)ကတော့ ၂၀၂၁ အောက်တိုဘာအထိ ကမ္ဘာ တဝန်းဆန္ဒပြပွဲတွေထဲမှာ ဆန္ဒပြပြည်သူတွေ အကြမ်းဖက်သတ်ဖြတ်ခံရဲတဲ့အထဲမှာ မြန်မာနိုင်ငံက ၆၀ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်တယ်လို့ထုတ်ပြန်ခဲ့တယ်။ ဒါကြောင့်မြန်မာနိုင်ငံစစ်တပ်ဟာ ကမ္ဘာမှာ ပြည်သူတွေကို သတ်ဖြတ်ရာမှာ အရက်စက်ဆုံးတပ်အဖြစ် မှတ်တမ်းတင် ခံခဲ့ရပါတော့တယ်။
စစ်တပ်က စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ စစ်ဆင်ရေးအကြီးအကျယ်လုပ်ဖို့ ပြင်ဆင်နေချိန်မှာပဲ NUG အမျိုးသားညီညွတ်ရေးအစိုးရကလည်း စစ်ရေးအရ ‘ဗဟိုညှိနှိုင်းကွပ်ကဲရေးကော်မတီ’(C3C)ကိုဖွဲ့စည်း လိုက်တယ်။ တပြိုင်တည်းမှာပဲ ‘စစ်ဦးစီးချုပ်ရုံး’ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့စစ်ရေးအခြေနေဟာ ပွင့်လင်းရာသီမှာ မုန်တိုင်းထန်မယ့်လက္ခဏာရပ်တွေရှိနေတယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေကဆိုကြပါတယ်။
ဒီလိုအခြေနေမှာပဲ ဒေါက်တာဆာဆာကတော့ ‘နိုင်ငံတကာစစ်ရာဇဝတ်ခုံရုံး’(ICJ)ကို” လူကြီးမင်းတို့အနေနဲ့ နိုင်ငံတကာတရားဥပဒေနဲ့အညီ အကြမ်းဖက်အုပ်စုကို ဖမ်းဆီးချုပ်နှောင် အရေးယူပေးမှာလား။ ကျွန်ပ်တို့ မြန်မာပြည်သူလူထုကပဲ အကြမ်းဖက်အုပ်စုကို တရားစီရင်ရမှာလား” လို့ မေးမြန်းမိန့်ခွန်းတရပ်ပြောဆိုခဲ့ပါတယ်။
“စစ်အုပ်စုအနေနဲ့ Existential Crisis ကို ရင်ဆိုင်နေရပြီ”လို့ သုံးသပ်ကြတာလည်းရှိတယ်။ အာဏာလုပြီး ၉ လအကြာမှာ စစ်အုပ်စုရဲ့အခြေနေကတော့ “အလုံးစုံပျက်သုဉ်းရေးလမ်း”ကိုလိုက်နေပြီလား ဒါမှမဟုတ် “မစားရတဲ့အမဲသဲပက်နေလေ သလား”လို့ ဆိုရလောက်အောင် ‘ထန်တလန်မီးရှို့မှု’တွေကညွှန်ပြနေပါတော့တယ်။ ဘယ် လိုပဲဖြစ်စေ စစ်အုပ်စုအနေနဲ့ ပြန်လှည့်လို့မရတော့တဲ့ ‘လမ်းပိတ်ကြီး’တခုပေါ်လျှောက်လှမ်းနေပြီလို့ ယူဆမိပါကြောင်း အာဏာလု ၉ လအကြာ မြန်မာ့အခင်းအကျင်းကို အနှစ်ချုပ် တင်ပြလိုက်ရပါတယ်။
ဂန္ထဝင်မောင်ထူး