မန္တလေးမြို့ စိန်ပန်းရပ် ၄၁ လမ်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ထိုင်သပိတ်ကို မတ်လ ၁၃ ရက် နေ့လယ်ပိုင်းအချိန်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် အနည်းဆုံး ၆ ဦး ကျဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အမျိုးသမီး ၁ ဦးအပါအဝင် ၆ ဦး ကျဆုံးခဲ့ပြီး သံဃာတပါးအပါအဝင် ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ဒဏ်ရာရသူတွေထဲက ၆ ဦး အခြေအနေ စိုးရိမ်ရပြီး အကြမ်းဖက်ဖမ်းဆီးခံရသူက ၃၀ ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သေဆုံးသူတချို့ရဲ့ ရုပ်အလောင်းတွေကို စစ်သားနဲ့ ရဲတွေက ပြန်သယ်သွားတာရှိပြီး ၃ လောင်းထက်မနည်းဘူးလို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။
ဧသုခ လူမှုကူညီရေးအသင်းရုံးကိုလည်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး လူနာတင်ကားတစ်စီး ယူသွားတယ်လို့ သိရပါတယ်။