နိုင်ငံဝန်ထမ်းတွေအနေနဲ့ CDM မှာ မပါဝင်ကြောင်း စာနဲ့ ကတိသစ္စာပြု၊ လက်မှတ်ရေးထိုးသူ၊ ဝန်ခံချက်ပေးသူကိုသာ ရာထူးတစ်ဆင့်မြှင့်တိုးပေးမယ်လို့ မတ်လ ၁၁ ရက်နေ့ ရက်စွဲနဲ့ အာဏာသိမ်းစစ်ကောင်စီလက်အောက်က ပြန်ကြားရေးဝန်ကြီးဌာနရုံးစာနဲ့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေး(၂/၂၀၂၁) အရ စစ်ကောင်စီ ဥက္ကဋ္ဌက လမ်းညွှန်မှာကြားခဲ့တာဖြစ်ပြီး "စာဖြင့် ညွှန်ကြားရေးမှူးချုပ်၊ဦးဆောင် ညွှန်ကြားရေးမှူးတို့၏ ရှေ့မှောက်တွင် ကတိသစ္စာပြုပါသည်ဟု ဝန်ခံချက် ပေးသူကိုသာ ရာထူးတစ်ဆင့်မြှင့် တိုးခြင်းအမိန့် ထုတ်ပေးရန်" ပြည်ထောင်စုဝန်ကြီးရုံးက တဆင့် ညွှန်ကြားခဲ့ပြီး ဝန်ကြီးဌာနတွေအလိုက် လုပ်ဆောင်ဖို့ ဆက်လက်ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ ရာထူးတိုးမြှင့်ရေး ထောက်ခံတင်ပြရာမှာ နိုင်ငံတော်အပေါ် ကျေးဇူးသစ္စာ စောင့်သိမှုရှိခြင်း၊ မိမိမျက်ကွယ်တွင် ယုံကြည်စိတ်ချစွာ တာဝန်ပေးနိုင်ခြင်း ရှိမရှိဆိုတဲ့ အချက်တွေကိုပါ ထည့်သွင်းစဉ်းစားစိစစ်ဖို့ လိုတယ်လို့လည်း လျှို့ဝှက်စာမှာ ပါရှိပါတယ်။
အဆိုပါ စာကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ကိုယ်စားဒုတိယညွှန်ကြားရေးမှူးချုပ် ကျော်ဇင်စိုးလက်မှတ်နဲ့ ထုတ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဝန်ခံစာ ပေးပို့နိုင်ဖို့ကိုလည်း ပညာရေးဝန်ထမ်းတွေထံ ညွှန်ကြားထားပြီး ဝန်ခံကတိပြုထားတဲ့ ရာထူးအလိုက် စာရင်းဇယားတွေကို မတ်လ ၁၅ ရက်နေ့ နေ့လယ် ၂ နာရီအရောက် ခရိုင်ချုပ်ပုံစံနဲ့ ပြန်လည်တင်ပြရမယ်လို့ သိရပါတယ်။