ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြသူတွေဟာ နေ့ခင်းပိုင်း သေနတ်ပစ်လူစုခွဲတာတွေ ရှိနေတာကြောင့် မတ်လ ၁၁ ရက်နေ့ကစတင်ပြီး ညသပိတ် ပြုလုပ်ခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ ဒေသခံပြည်သူတွေနဲ့ ကျောင်းသားတွေ စုပေါင်းပြီး ဘုရောင်းတိုင်မီးတွေကိုင်ဆောင်ကာ စစ်အာဏာရှင်အလိုမရှိ၊ ဖမ်းဆီးခံထားရသူများ ပြန်လွှတ်ပေး စတဲ့ ကြွေးကြော်သံတွေ ကြွေးကြော်ကာ ရပ်ကွက်ထဲ လှည့်လည်ဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုသိမ်မြို့မှာ မတ် ၁၁ ရက်နေ့ မနက်ပိုင်းက ဆန္ဒပြသူတွေကို ရဲနဲ့ စစ်တပ်က သေနတ်ပစ်ပြီး ဝင်ဖမ်းတာတွေ ပြုလုပ်ခဲ့လို့ နေ့ခင်းပိုင်းမှာ ပြောက်ကျားစနစ်နဲ့ ဆန္ဒပြခဲ့သလို ညပိုင်းမှာ ရပ်ကွက်တွေထဲ ဖရောင်းတိုင်မီးထွန်းပြီး ဆက်လက်ဆန္ဒပြခဲ့ကြတာပါ။
မနက်ပိုင်းက ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့ ပုသိမ်မြို့မရဲစခန်းမှာ ဒေသခံတွေနဲ့ ကျောင်းသားတွေက သွားရောက်တောင်းဆိုတာတွေ ပြုလုပ်ခဲ့ပေမယ့် ခုချိန်ထိ ပြန်လွှတ် ပေးတာမရှိသေးဘူးလို့ သိရပါတယ်။
ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၇ ရက်နေ့က စတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတာတွေ ပြုလုပ်လာခဲ့တာ ၃၃ ရက်မြောက်နေ့ရှိပြီလည်း ဖြစ်ပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြတဲ့ ရက်ပေါင်း ၃၃ ရက်မှာ ရဲတပ်ဖွဲ့ရဲ့ သေနတ်ပစ်လူစုခွဲတာကို ခံရတာ ၅ ကြိမ်ရှိပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။