တနင်္သာရီတိုင်း ထားဝယ်မြို့မှာ မနေ့ညက စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရရှိခဲ့တယ်လို့ သိရပါတယ်။
မတ် ၁၁ ရက်ည ၁၀ နာရီလောက်က ထားဝယ်မြို့ ဗုမ္မော်၊ ဒေါင်းငူတံငါနဲ့ ကြက်စားပြင်ရပ်ကွက် သုံးပွင့်ဆိုင် သံတံတားကြီးမှာ ဆန္ဒပြ ပြည်သူတွေ ချထားတဲ့ အရံအတားတွေကို စစ်တပ်နဲ့ရဲက ဖယ်ရှားပြီး ပစ်ခတ်ခဲ့တာလို့ ဆန္ဒပြတက္ကသိုလ် ကျောင်းသားတဦးက ပြောပါတယ်။
“ညက ကြက်စားပြင်မှာ ကျည်အစစ်နဲ့ ပစ်တယ်။ လမ်းမှာ ကာထားတဲ့အရံအတားတွေကို ဖယ်ရှားပြီး ပစ်တာ။ ကြက်စားပြင်ရပ်ကွက်အထိ လိုက်ပစ်တာ။ ၁ ယောက်က ၅၀ အရွယ်ပဲ ရင်ဘတ်နဲ့ ချိုင်းကြားမှာ ကျည်ထိပြီးဆုံးသွားတယ်။ နောက်တယောက်ကတော့ လက်မှာထိတယ်။ နောက်တယောက်ကတော့ မသိရဘူး။ လက်ရှိကတော့ မက်ဒီလန်းဆေးရုံမှာ တင်ထားတယ်။”
ပစ်ခတ်မှုကြောင့် ကျဆုံးသွားသူဟာ မီးသတ်တပ်ဖွဲ့ဝင် ဦးဝင်းလှိုင်ထွန်း ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် လူနာသယ်ဖို့ လာတဲ့ ဇဗ္မူသီရိ နာရေးကူညီမှုအသင်းဝင် ၅ ဦးကိုလည်း စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီနေ့မနက် ၇ နာရီမှ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ထားဝယ်မြို့မှာ နေ့စဉ် သပိတ်စစ်ကြောင်းတွေနဲ့ ဆန္ဒပြနေကြပြီး ပစ်ခတ်ဖြိုခွင်းနေသလို ဖမ်းဆီးခေါ်ဆောင်ခံရတာလည်း ရှိနေပါတယ်။
ပထမအသုတ်မှာ ဆန္ဒပြ ပြည်သူ ၁၁ ယောက်၊ ဒုတိယသုတ်မှာ ၇ ယောက်နဲ့ နောက်ဆုံးတသုတ်မှာ ၁ ယောက် စုစုပေါင်း ၁၉ ယောက် ဖမ်းဆီးခံထားရပြီး ၂ ယောက်ကိုတော့ အသက်မပြည့်သေးလို့ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ဖမ်းဆီးထားသူတွေကို ထားဝယ်အကျဉ်းထောင်မှာ ထားရှိပြီး ပုဒ်မ ၅၀၅ (က)၊ ၅၀၅ (ခ) တွေနဲ့ တရားစွဲဆိုထားတယ်လို့ တက္ကသိုလ်ကျောင်းသားက ပြောပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ထားဝယ်မြို့ ဝဲကျွန်း သပိတ်စစ်ကြောင်းကိုလည်း ဒီနေ့မနက် ၉ နာရီ ၅၀ လောက်မှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက စတင်ပစ်ခတ်ဖြိုခွင်းနေပြီလို့ ထားဝယ် ဒေသခံတဦးက ပြောပါတယ်။
ကိုရန်နိုင် (ထားဝယ်)