မတ်လ ၃ ရက်နေ့ကတည်းက အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဗကသဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးရဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေပြီး အမျိုးသမီးတွေကို ညလုံးပေါက် ဒူးထောက်လက်မြှောက်ခိုင်းကာ နှိပ်စက်တာအပြင် တခြားနည်းလမ်းတွေနဲ့ပါ နှိပ်စက်တာတွေ ရှိနေတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ABFSU က သူတို့အဖွဲ့ရဲ့ လူမှုကွန်ရက်မှာ ထုတ်ဖော်ရေးသားထားပါတယ်။
အမျိုးသားတွေအထူးသဖြင့် ကျောင်းသားတွေကို ခေါ်ယူနှိပ်စက်နေပြီး ရက်အတန်ကြာမှ ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြန်လည်ရောက်ရှိလာတယ်လို့ လည်းဆိုပါတယ်။
မတ်လ ၁၁ ရက်နေ့မှာ အင်စိန်ထောင်ကနေ အသက်မပြည့်သေးတဲ့ မိန်းကလေး ၁၂ ဦးနဲ့ ယောကျ်ားလေး အယောက် ၄၀ ကျော်ကို ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
မတ်လ ၃ ရက်နေ့က ဗကသ(ပူးပေါင်း)စစ်ကြောင်းက ဖမ်းဆီးခံရသူတွေထဲက အင်းစိန်ထောင်မှာ ရဟန်းရှင်လူကျောင်းသားပြည်သူ ၃၀၀ ကျော် ဆက်လက် ချုပ်နှောင် ညှဉ်းပန်း နှိပ်စက်ခံနေရတယ်လို့ ABFSU က ထုတ်ပြန်ပါတယ်။