ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့က ပြည်သူ့ဆေးရုံမှာ အထွေထွေရောဂါကု လက်ထောက်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေရင်း မီးဖွားခွင့်ယူထားတဲ့ ဒေါက်တာ ဒေါ်ချမ်းမြေ့လင်းကို စစ်ကောင်စီက မတ်လ ၁၀ ရက်နေ့မှာ ဖမ်းဆီးပြီး ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုထားပါတယ်။
စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ဆရာဝန်ဒေါ်ချမ်းမြေ့လင်းဟာ လက်ရှိ ကလေးမီးဖွားထားတာ ၅ လ သာရှိသေးတဲ့ မိခင်တစ်ဦးဖြစ်ပြီး စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်းအရေးအသားတွေပါတဲ့ စာသားတွေကို လူမှုကွန်ရက် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခဲ့လို့ ဖမ်းဆီးခံရတာလို့ နီးစပ်သူတွေက ပြောပါတယ်။
ကွတ်ခိုင်ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဌာနက ဝန်ထမ်း ၁၀၀ ဝန်းကျင် CDM မှာ ပူးပေါင်းပါဝင်ထားပြီး ဖမ်းဆီးခံထားရတဲ့ ဆရာဝန်ဒေါ်ချမ်းမြေ့လင်းကတော့ မီးဖွားခွင့်ယူထားတာ လမပြည့်သေးတာကြောင်း၊ CDM မှာ ပါဝင်မှုမရှိဘူးလို့ ကျန်းမာရေးဝန်ထမ်းအသိုင်းအဝိုင်းက ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကွတ်ခိုင်မြို့မှာ နေ့စဥ်လူထုလှုပ်ရှားမှုတွေ စဥ်ဆက်မပျက်ပြုလုပ်နေပါတယ်။