ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ CDM ပြုလုပ်ထားတဲ့ ယာဉ်ထိန်းရဲဝန်ထမ်းနဲ့အတူ ဖခင်ဖြစ်သူတို့ကို အောက်တိုဘာ ၂၉ ရက်နေ့ နေ့လယ်ပိုင်း အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
အမှတ် ၇ ရပ်ကွက် ၁၀ လမ်းမှာနေထိုင်တဲ့ CDM ယာဉ်ထိန်းရဲ ကိုဧပရယ်ထွန်းနဲ့ ဖခင်ဖြစ်သူတို့ကို စစ်ကောင်စီ တပ်သားတွေက ဝင်ရောက်ဖမ်းဆီးသွားပြီးနောက်ပိုင်း တပတ်ကြာတဲ့အထိ အဆက်သွယ်မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“အဖမ်းခံရတဲ့ ယာဉ်ထိန်းရဲကို စစ်ကောင်စီတပ်သားတွေက ယာဉ်ထိန်းရဲ ၂ ဦးကို တော်လှန်ရေးအင်အားစုတွေက ဝင်ပစ်တာနဲ့ပတ်သက်ပြီး ဖမ်းတာဖြစ်နိုင်တယ်၊ ခုထိ ပြန်လွတ်မလာသေးဘူး” လို့ ရပ်ကွက်နေပြည်သူတဦးက ပြောပါတယ်။
ပုသိမ်မြို့မှာ အောက်တိုဘာ ၂၈ ရက်နေ့က မြို့လယ်ခေါင်က မီးပွိုင့်မှာရှိနေတဲ့ စစ်ကောင်စီဩဇာခံ ယာဉ်ထိန်းရဲ ၂ ဦးကို တော်လှန်ရေးအင်အားစုတွေက ပစ်သတ်ခဲ့တာနဲ့ပတ်သက်ပြီး ဖမ်းဆီးတာဖြစ်နိုင်တယ်လို့ ရပ်ကွက်ထဲ ပြောဆိုတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပုသိမ်မြို့မှာ စစ်အာဏာသိမ်းမှုဆန်ကျင့်တဲ့ လှုပ်ရှာမှုတွေကြောင့် ဖမ်းဆီးခံရသူ ၁၀၀ ကျော်ထိရှိလာပြီလို့ သိရပါတယ်။