သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက အာဏာဖီဆန် CDM လုပ်ထားတဲ့ ဝန်ထမ်းပေါင်း တနိုင်ငံလုံးမှာ အယောက် ၇၀၀ လောက်ရှိလာပါတယ်။
“မနေ့ကအထိ စာရင်းရတာ ၆၈၈ ယောက်ရှိတယ်။ ဒါက ဆက်သွယ်လာတဲ့စာရင်းပါ။ နောက်ထပ်လည်း တိုးလာနေတယ်။ ကျနော်တို့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတခုလုပ်ပြီးတော့လည်း ထုတ်ပြန်နေပါတယ်။ ဒါကလည်း ပြည်သူတွေသိရှိပြီး အားတက်လာစေဖို့၊ ဝန်ထမ်းတွေအချင်းချင်း ချိတ်ဆက်မိဖို့အတွက်ပါ” လို့ CDM မှာပါဝင်တဲ့ ဝန်ထမ်းတဦးက ပြောပါတယ်။
တချို့နေရာတွေမှာတော့ ဌာနအကြီးအကဲတွေက CDM ဝန်ထမ်းတွေကို ဖိအားပေးတာ၊ ဝန်ထမ်းအိမ်ရာက ဖယ်ပေးဖို့ ခြိမ်းခြောက်တာတွေ ရှိတယ်လို့လည်း သူက ဆိုပါတယ်။
CDM လုပ်တဲ့အထဲမှာ တိုင်းနဲ့ပြည်နယ်အနှံ့က ခရိုင်သာသနာရေးမှူး၊ ဦးစီးအရာရှိအဆင့် ဝန်ထမ်းတွေ ပါဝင်ကြပြီး ဝန်ကြီးရုံး၊ သာသရေးဦးစီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်၊ သမိုင်းသုတေသနနဲ့ အမျိုးသားစာကြည့်တိုက်၊ အနုပညာဦးစီးဌာနက ဝန်ထမ်းတွေ ပါဝင်ပါတယ်။