မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုတွေထပ်ဖြစ်လို့ တိုင်းပြည်မငြိမ်မသက်ဖြစ်နေတာကြောင့် မြန်မာပြည်သားတွေ ထွက်ပြေးခိုလှုံလာဖွယ်ရှိပြီး သူတို့ကို လက်ခံထားဖို့ ထိုင်းအာဏာပိုင်တွေ ပြင်ဆင်နေတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
အထူးသဖြင့် တာ့ခ်ခရိုင်ရှိမြို့နယ် ၄ မြို့နယ်မှာ ထွက်ပြေးလာသူတွေခိုလှုံဖို့ စခန်း ၇ ခုကို ပြင်ဆင်ထားကြောင်း တာ့ခ်ခရိုင် ထိုင်းအမျိုးသားလုံခြုံရေးတပ်ဖွဲ့က သတင်းထောက်တွေကို ပြောပါတယ်။
အဆိုပါ ၇ နေရာမှာ ထာ့ဆောင်ယန်းမြို့နယ် ဘန့်ဆွန်အွဲ့ကျေးရွာအုပ်စုရှိ ဘောလုံးကွင်းနဲ့ ထာ့ဆောင်ယန်းစာသင်ကျောင်းမှာ ၂ နေရာ၊ မယ်လမတ်မြို့နယ်ထဲမှာဆိုရင် မဲ့ကျလောအုပ်စု ဝမ်းဖာကျေးရွာ အမှတ် ၁၉ လှေဆိပ်မှာ ၁ နေရာ ၊ ဖုပ်ဖရမြို့နယ် ဝါလေအုပ်စု မော်ကေထိုင်းရွာ စာ သင်ကျောင်းနဲ့ ဝါလေကျေးရွာစီမံခန့်ခွဲရေးရုံးထဲမှာ ၂ နေရာ၊ မဲဆောက်မြို့နယ် မယ်ပ ကျေးရွာအုပ်စုရှိ နယ်စပ်၅ မြို့နယ်အားကစားကွင်းနဲ့ ထာ့ဆိုင်လွတ်အုပ်စုရှိ နယ်ခြားစောင့်တပ် အမှတ် ၃၄၆ ဘောလုံးကွင်းတို့ ဖြစ်ပါတယ်။
ထိုင်းကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ် နရုံးဖန်း ကျစ်ကယောက်ထဲ့နဲ့ တာဝန်ရှိသူတွေဟာ မတ်လ ၈ ရက် က အဆိုပါနေရာပြင်ဆင်မှုအခြေအနေတွေကို လာရောက်စစ်ဆေးတဲ့အပြင် နောက်ထပ် မြန်မာနယ်စပ်တစ်နေရာဖြစ်တဲ့ မယ်ဟောင်ဆောင်ခရိုင် မဲ့ဆရိန်းနဲ့ ဆွပ်မွေးမြို့နယ်ကိုလည်း သွားရောက်ခဲ့ပြီး နယ်ခြားစောင့်တပ်ဖွဲ့တွေကို တွေ့ဆုံအား ပေးကာ နယ်စပ်လုံခြုံရေးကိစ္စတွေလည်း ဆွေးနွေးသွားပါတယ်။
Source- Photo Credit- Thairath/DailyNews