ကချင်ပြည်နယ် မိုးညှင်းမြို့မှာ မတ် ၉ ရက်နေ့မနက်ပိုင်းက ဆန္ဒပြပြည်သူတွေကို စစ်တပ်နဲ့တွေက အင်အားသုံး အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
သေနတ်၊ မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲပစ်ခတ်ရာမှာ အမျိုးသမီးငယ်တဦး ခါးနောက်ဘက်မှာ ရော်ဘာကျည်ထိမှန်ခဲ့ပြီး အမျိုးသားငယ်တဦး လက်မောင်းမှာ ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ မျက်မြင်တွေ့ခဲ့သူတွေက ပြောပါတယ်။
ဒါ့အပြင် လေးခွနဲ့ပစ်တာကြောင့် လူငယ် ၁ ဦး ဘယ်ဖက်မျက်လုံး ညိုမည်း ဒဏ်ရာရရှိခဲ့ပြီး ဖမ်းဆီးခံရသူတွေကိုတော့ နာမည်စာရင်း စိစစ်နေဆဲဖြစ်ပြီး အခမဲ့ရှေ့နေများအသင်းက ကူညီပေးသွားမယ်လို့ သိရပါတယ်။