နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌဖြစ်သူ ဦးကျော်သူ၊ ဇနီး ရွှေဇီးကွက်၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူ၊ ရန်ကုန်တက္ကသိုလ်၊ အရှေ့တိုင်းပညာဌာနမှ ပါမောက္ခ ဒေါက်တာ အာကာမိုးသူတို့ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ထားတယ်လို့ အာဏာသိမ်းစစ်ကောင်စီ မီဒီယာတွေကနေ ထုတ်ပြန်ပါတယ်။
နာရေးကူညီမှုအသင်း (ရန်ကုန်)ရဲ့ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင်ခင်ဖေ(ခ)ဒေါ်ရွှေဇီးကွက်ဟာ CDM မှာ ပါဝင်လှုပ်ရှားနေတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အားပေးအားမြှောက်လုပ်တယ်ဆိုပြီး ဖေဖော်ဝါရီ ၂၅ ရက်နေ့က မရမ်းကုန်း မြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ကာ ဦးကျော်သူကိုတော့ မတ် ၄ ရက်က မရမ်းကုန်း မြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။
မတ် ၃ ရက်နေ့က နာရေးကူညီမှုအသင်း(ရန်ကုန်)ကို ဝင်ရောက်ရှာဖွေခဲ့ရာမှာ ဒေါ်မြင့်မြင့်ခင်ဖေ (ခ)ဒေါ်ရွှေဇီးကွက်ကို မတွေ့ဘဲ စာရွက်စာတမ်းတွေကို သိမ်းဆည်းသွားပြီး CDM လှုပ်ရှားနေတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ထောက်ပံ့ပေးနိုင်ရေးအတွက် ပြည်တွင်းပြည်ပက ပေးပို့ လှူဒါန်းငွေ စုစုပေါင်းငွေကျပ် ၆၁၃,၃၉၄,၃၅၀ (ငွေကျပ်သိန်းပေါင်းခြောက်ထောင့်တရာကျော်) နဲ့ အမေရိကန်ဒေါ်လာ ၂၀,၆၇၀ လက်ခံရရှိခဲ့တာနဲ့ သိန်းပေါင်း ၂ သောင်းထည့်ထားတဲ့ ဘဏ်အကောင့် ၆ ခုကိုလည်း စစ်ဆေးတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီငွေတွေနဲ့ တိုင်းနဲ့ပြည်နယ် ၇ ခုက CDM မှာ ပါဝင်နေတဲ့ ဝန်ထမ်း ၂,၀၀၀ ကျော်ဆီကို တယောက်ကို ကျပ် ၁ သိန်းကနေ ၂ သိန်းအထိ၊ စုစုပေါင်းငွေကျပ် ၂၈၅,၆၃၀,၀၀၀ (သိန်းပေါင်း နှစ်ထောင့် ရှစ်ရာကျော်) ကို ထောက်ပံ့ပေးအပ်ခဲ့တဲ့အပြင် ရန်ကုန်မြို့က ကွန်တိန်နာ ယာဉ်မောင်းတွေ၊ မီးရထား ဝန်ထမ်းတွေကို ထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။
ရန်ကုန်တက္ကသိုလ်၊ အရှေ့တိုင်းပညာဌာနမှ ပါမောက္ခ ဒေါက်တာ အာကာမိုးသူကိုတော့ CDM လှုပ်ရှားမှုမှာ အဓိက ဦးဆောင်ပါဝင်တယ်ဆိုပြီး မတ် ၂ ရက်က MICT ဝန်းဝမှာ တက္ကသိုလ်ပေါင်းစုံ ဆရာ/ဆရာမတွေနဲ့ ဝန်ထမ်းတွေ စုပေါင်း ဆန္ဒပြဖို့ စုဝေးနေတုန်း ဖမ်းဆီးခဲ့ပြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်းမှာ အမှုဖွင့်လှစ်ခဲ့ပါတယ်။
ဒါ့အပြင် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်တို့က ပါမောက္ခနဲ့ ကထိက ၁၅ ယောက်တို့ ဦးဆောင်ဖွဲ့စည်းပြီး CDM လှုပ်ရှားတာကိုဆောင်ရွက်ခဲ့တာကြောင့် ကျန်တဲ့ ၁၄ ယောက်ကိုလည်း အမှုဖွင့် ဖမ်းဆီးဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
သူတို့ကတော့ ဒေါက်တာ ဝေယံလင်း(ပါမောက္ခ၊ ရန်ကုန်တက္ကသိုလ်၊ ဒဿနိကဗေဒဌာန)၊ ဒေါက်တာ နန်းနွယ်(တွဲဖက်ပါမောက္ခ၊ ရန်ကုန်တက္ကသိုလ်၊ ဒဿနိကဗေဒဌာန)၊ ဒေါက်တာ အောင်ကျော်စွာ(တွဲဖက်ပါမောက္ခ၊ ရန်ကုန်တက္ကသိုလ်၊ ဓာတုဗေဒဌာန)၊ ဦးကြည်ထင်ပေါ် (တွဲဖက်ပါမောက္ခ၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ သင်္ချာဌာန)၊ ဒေါက်တာ ဝင်းပပထွန်း (တွဲဖက် ပါမောက္ခ၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ စိတ်ပညာဌာန)၊ ဦးလှမျိုး(ကထိက၊ ဒဂုံတက္ကသိုလ်၊ မနုဿဗေဒဌာန)၊ ဒေါက်တာ ကျော်သန်းမိုး (ကထိက၊ ဒဂုံတက္ကသိုလ်၊ ရူပဗေဒဌာန)၊ ဒေါက်တာ ယဉ်ယဉ်ဝင်း(ကထိက၊ ရန်ကုန်တက္ကသိုလ်၊ ဥပဒေဌာန)၊ ဦးတင်အောင်မိုး (ကထိက၊ ရန်ကုန်တက္ကသိုလ်)၊ ဒေါက်တာ သန်းလွင်ဦး(ကထိက၊ ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတကာ ဆက်ဆံရေးဌာန)၊ ဦးသန်းထိုက်အောင်(ကထိက၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ သမိုင်းဌာန)၊ ဦးအောင်ကျော်စိုး(ကထိက၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ သတ္တဗေဒဌာန)၊ ဒေါက်တာ တိုးတိုးကျော်(ကထိက၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်) နဲ့ ဒေါက်တာ သုလင်းဝေ(ကထိက၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်)တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်ဟောင်း ဦးမင်းသူကိုတော့ ပုဗ္ဗသီရိမြို့နယ် ပတ္တာနယ်မြေရဲစခန်းမှာ မတ် ၈ ရက်က ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ ဖမ်းဆီးထားပါတယ်။
သူကတော့ နေပြည်တော်ကောင်စီနယ်မြေက ဝန်ထမ်းတွေကို CDM မှာပါဝင်လာစေဖို့ အဓိက ကြိုးကိုင်တယ်လို့ စွပ်စွဲထားပြီး သူနဲ့ ဆက်စပ်လို့ မတ် ၁ ရက်မှာ ဦးကျော်မင်းလှိုင်၊ မတ် ၂ ရက်မှာ ဦးသန့်ဇင်ထွန်းတို့ကိုဖမ်းဆီးပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ထားတယ်လို့ ထုတ်ပြန်ပါတယ်။