ရန်ကုန်၊ အင်းစိန်၊ ပေါက်တောဝ ဘုရင့်နောင်လမ်းမှာ ဒီကနေ့ မတ်လ ၇ ရက် မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်မှာ စစ်တပ်နဲ့ရဲ ပြန်ဆုတ်ခွာသွားပြီးတဲ့နောက် လူငယ်တွေ လမ်းပေါ်ပြန်ထွက်လာပါတယ်။
ပေါက်တောဝသပိတ်မစခင် ဒီနေ့မနက် ၈ နာရီ ၄၅ မိနစ်မှာ စစ်တပ်နဲ့ရဲကား ၅ စီး ဝင်ရောက်လာတာကြောင့် လူငယ်တွေဟာ ရပ်ကွက်လမ်းတွေထဲကို ပြေးဝင်ခဲ့ကြရပါတယ်။
စစ်တပ်နဲ့ရဲက လမ်းထိပ်တွေမှာ ပိတ်ထားတဲ့ တံခါးတွေကိုဖွင့်ပြီး (က) တစ်လမ်းကနေ တစ်ဆယ်လမ်းအထိ လမ်းထိပ်တွေမှာ ကင်းချခဲ့ပါတယ်။ မွန်းလွဲပိုင်းမှာတော့ စစ်တပ်နဲ့ရဲ ပြန်ဆုတ်သွားတာပါ။
အင်းစိန် ပေါက်တောဝသပိတ်ကို မတ်လ ၃ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး ဒီနေ့က ငါးရက်မြောက်နေ့ ဖြစ်ပါတယ်။
မတ်လ ၆ ရက်နေ့သပိတ်မှာ အင်းစိန်လူငယ် ၁၀ ယောက်လောက် အဖမ်းခံခဲ့ရပြီး ညပိုင်းမှာရဲက ထပ်ဖမ်းဖို့ ကြိုးစားခဲ့ပေမဲ့ တယောက်မှ ပါမသွားဘူးလို့ သပိတ်ဦးဆောင်တဲ့ လူငယ်တွေက ပြောပါတယ်။
ဒီနေ့မနက် အင်းစိန်ကမ်းနားသပိတ်မှာလည်း စစ်တပ်နဲ့ ရဲဝင်ရောက်ခဲ့ပြီး သေနတ်ပစ်ဖောက်လူ စုခွဲခဲ့ပါတယ်။ အင်းစိန်ဈေးရှေ့မှာလည်း မီးရထားဝန်ထမ်း အများအပြား သပိတ်မှောက်နေကြပါတယ်။