စစ်ကိုင်းမြို့၊ ဇေယျာရပ်ကွက်မှာ မတ် ၆ ရက်နေ့ ညပိုင်းက နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သူများအတွက် ဆီမီးထွန်းဆုတောင်းနေစဉ် စစ်၊ ရဲကားတွေ ရောက်ရှိလာပြီး အကြမ်းဖက်ဖြိုခွင်းကာ လူ ၁၀ ဦးကျော်ကို ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
“ကျနော်တို့ အခုည ၈ နာရီ ၁၅ မိနစ်က ရပ်ကွက်ထဲကပြည်သူတွေ စုပေါင်းပြီး ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးခဲ့တဲ့သူတွေအတွက် မီးထွန်းဆုတောင်းနေချိန်မှာ စစ်ကားနဲ့ ရဲကားတွေ ရောက်လာပြီး သေနတ်တွေ ပစ်ဖောက်ကာ အကြမ်းဖက် အဖမ်းဆီးခံခဲ့ရပါတယ်။ တချို့လူတွေဆို အိမ်ထဲထိ ဝင်ရိုက် ဖမ်းဆီးသွားပါတယ်။ ဇေယျာရပ်ကွက်နဲ့ ဇေယျာတိုးချဲ့ရပ်ကွက်က လူတွေ ပါသွားတယ်။ စုစုပေါင်း ၁၀ ဦးကျော် ဖမ်းဆီးသွားတယ်” လို့ ဆုတောင်းပွဲမှာ ပါဝင်ခဲ့သူတစ်ဦးက DVB ကို ပြောပါတယ်။
မတ်လ ၆ ရက် ည ၇ နာရီလောက်ကလည်း စစ်ကိုင်းမြို့ ထုံးဘိုရပ်ကွက်၊ ကျိုက်ပဒိုင် ကျောင်းဝင်းအတွင်းရှိ ဆုတောင်းပြည့်ဘုရားမှာလည်း ပြည်သူအချို့က နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သူတွေအတွက် ဆီမီးထွန်း ဆုတောင်းမေတ္တာ ပို့သမှုတွေ ပြုလုပ်ခဲ့ပါတယ်။