ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ကွမ်းခြံမှာ ပြုလုပ်နေတဲ့ ထိုင်သပိတ်ကို ရဲတပ်ဖွဲ့က မတ်လ ၃ ရက် နေ့လည်ပိုင်းမှာ အကြမ်းဖက် ရိုက်နှက်ဖြိုခွင်းတာ တွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထိုင်သပိတ်ပြုလုပ်နေတဲ့ ဒေသခံတွေနဲ့ ကျောင်းသားတွေကို ရဲတွေကနောက်က လိုက်ရိုက်ခဲ့သလို နေအိမ်တွေတံခါးတွေကို ဖြတ်ဝင်ပြီး အိမ်မှာ ချက်ပြုတ်နေတဲ့ ဟင်းအိုးတွေကို သွန်မှောက်တာတွေ မွေးထားတဲ့ ကြက်ကို လည်ပင်းတက်နင်းတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
"ညီမတို့က ရဲတွေလိုက်ရိုက်တော့ အိမ်တွေထဲ ဝင်ပြေးရတာ အိမ်တံခါးတွေကို ဖျက်ပြီးဝင်လာတာ ညီမတို့က မရိုက်ပါနဲ့လို့ တောင်းပန်တော့ ကျောင်းသားတွေအကုန် ခေါ်သွားတာ၊ အိမ်ထဲက ပစ္စည်းတွေကိုလည်း ဖျက်စီးသွားတယ်''လို့ ထိုင်သပိတ်ပါဝင်ခဲ့တဲ့ ကျောင်းသူ ၁ ဦးက ပြောပါတယ်။
စစ်အာဏာရှင်ကျဆုံးရေး ထိုင်သပိတ်လုပ်တောင်းဆိုနေတဲ့ ဒေသခံတွေနဲ့ ကျောင်းသားတွေကို ရဲတပ်ဖွဲ့က ရိုက်နှက်ဖမ်းဆီးခဲ့လို့ ကျောင်းသား ၁၄ ဦးနဲ့ အလုပ်ဆင်းဖို့လာတဲ့ မုဆိုးမသားအမိလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
" သူ့အမေနဲ့ သားက ဦးတို့ဆီမှာ အလုပ်ဆင်းတာ၊ မနက်က အိမ်မှာ ပစ္စည်းတွေလာယူပြီး အလုပ်သွားဖို့လုပ်တော့ ရဲတွေကို တွေ့လို့ အိမ်ထဲပြန်ဝင်လာတာ အဲ့တာကို တံခါးတွေကို ဖျက်ပြီးအတင်းဝင်လာတာ ကလေးက အသက်မပြည့်သေးဘူး အဲ့တာကို ဝိုင်းရိုက်ပြီး ခေါ်သွားတာ သူတို့သားအမိကဆန္ဒပြတဲ့အထဲလည်း မပါဘဲ မတရား အဖမ်းခံရတာပါ''လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။
စစ်အာဏာရှင်ကျဆုံးရေး ထိုင်သပိတ်ပြုလုပ်လို့ ဖမ်းဆီးသွားတဲ့ ကျောင်းသားတွေနဲ့ ဒေသခံတွေကို လက်ရှိအချိန်အထိ ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတယ် ဆိုတာကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပုသိမ်မြို့မှာ ဖေဖော်ဝါရီ ၇ ရက်နေ့ကစတင်ကာ စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြခဲ့ရာမှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အကြမ်းဖက်ဖြိုခွင်းခံခဲ့ရသလို မတ်လ ၃ ရက်နေ့မှာ ထပ်မံဖြိုခွင်းခံရတာ ဖြစ်ပါတယ်။
မင်းထက်မုန်း