ပြင်ဦးလွင်မြို့က ဆန္ဒပြပွဲမှာ သပိတ်စစ်ကြောင်းထဲ ဝင်ရောက်ပြီး ရဲကို သတင်းပေးနေသူ ၂ ယောက်ကို ဆန္ဒပြ ပြည်သူတွေက ဖမ်းဆီးပြီး ကတုံးတုံး၊ ဆေးမင်ကြောင်ထိုး ပေးလိုက်ပါတယ်။
မန္တလေး-လားရှိုးလမ်း ဘူတာလမ်းဆုံမှာ ခုလိုဖမ်းမိတာဖြစ်ပြီး သူတို့ကတော့ မြို့မရဲစခန်းက ဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်း အဲဒီနေရာမှာ ရှိခဲ့သူတယောက်က ပြောပါတယ်။
သူတို့ကို စစ်ဆေးရာမှာ သပိတ်စစ်ကြောင်း သတင်းတွေကို ရဲစခန်းဆီ သတင်းပေးပို့ထားတာ တွေ့ရတယ်လို့လည်း ပြောပါတယ်။
ဒေသခံပြည်သူတွေက သူတို့ ၂ ယောက်ကို ဓာတ်တိုင်မှာ ကြိုးနဲ့ တုပ်နှောင်ပြီး ကတုံးတုံး၊ မျက်ခုံးမွေးတွေ ရိတ်ခဲ့သလို မျက်နှာမှာလည်း ဆေးမင်ကြောင်ထိုးပေးလိုက်ပါတယ်။
သူတို့ကို တခြားနေရာကို ခေါ်ဖို့ ပြင်ဆင်နေတုန်း တယောက်က ခဏစောင့်ဖို့ တားဆီးခဲ့ပြီး အဲဒီအချိန်မှာပဲ ရဲနဲ့ စစ်သားတွေရောက်လာလို့ ပြည်သူတွေ ရှောင်သွားခဲ့ကြပါတယ်။