မြင်းခြံမြို့မှာ ဒီကနေ့ မတ်လ ၃ ရက်မနက်က ငြိမ်းချမ်းစွာဆန္ဒပြသူတွေ လူစုခွဲအပြီး မှာ ရဲနဲ့စစ်တပ်က ပစ်ခတ်ကြတာကြောင့် လူအများအပြား ဒဏ်ရာရသွားပြီး သေဆုံးသူ ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အစောကြီးကတည်းက စုရပ်မှာ ရဲတွေရော စစ်သားတွေရော အများကြီးရှိနေတော့ အဲနေရာမှာ မစုဘဲ တခြားနေရာမှာ သွားစုကြတယ်။ ပြီးတော့ မြို့တပတ် ပတ်တယ်။ သူတို့ရှိနေတဲ့ နေရာတွေမသွားဘူး။ စုရပ်ကို ပြန်သွားနေတုန်း ရဲနဲ့ စစ်သားတွေ အများကြီးရောက်လာပြီး မျက်ရည်ယို ဗုံးတွေ၊ သေနတ်တွေနဲ့ ပစ်တယ်” လို့ ဒေသခံက ပြောပါတယ်။
မင်းကျောင်းကွင်း ဘောလုံးကွင်းနားမှာ ပစ်တာဖြစ်ပြီး ရွာတွေဘက်ကနေ ပြည်သူတွေ ပူးပေါင်းဖို့ လာနေတုန်းမှာပဲ ရဲနဲ့ စစ်သားတွေ ထပ်တိုးလာပြီး အခုမွန်းလွဲ ၁ နာရီလောက်အထိ ပစ်နေတုန်းပဲလို့ ဒေသခံ တယောက်က ပြောပါတယ်။
“ကျနော့်ဘေးက တယောက် ခေါင်းပွင့်သွားတယ်။ သေသွားတာ ၂ ယောက်ဖြစ်မယ်။ ခပ်လှမ်းလှမ်းမှာ တယောက်။ ဒီအစောပိုင်းကလည်း တယောက်ဗိုက်ကိုမှန်လို့ ဆေးရုံရောက်နေတယ်ကြားပေမယ့် သေချာ လှမ်းမမေးနိုင်သေးဘူး။ ကျနော့်ကိုလည်း ခေါင်းကို ထိတယ်။ ဒဏ်ရာရတဲ့သူတွေက အများကြီးပဲ”။
မင်းကျောင်းကွင်းနားမှာ ပိတ်မိနေသူတွေကို ပစ်ခတ်နေတာဖြစ်သလို ရပ်ကွက်တွေထဲကိုလည်း လိုက်ပစ်နေတာလို့ သူက ဆိုပါတယ်။
မနေ့ညကလည်း လမ်းတွေမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပုံတွေ ဆေးနဲ့မှုတ်တုန်း ၂ ယောက် ဖမ်းခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။