ကချင်ပြည်နယ် ရွှေကူမြို့မှာ မတ်လ ၃ ရက် မနက် ၃ နာရီက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ကမ်ပိန်းပြုလုပ်ခဲ့ပါတယ်။
ရွှေကူမြို့ အမှတ် ၂ စျေးရှေ့နဲ့ လူစည်ကားတဲ့နေရာတချို့က လမ်းမပေါ်မှာ အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး အောင်လှိုင်ပုံတွေ ရေးဆွဲတာနဲ့ "စစ်အာဏာရှင်အကျရှုံးပါစေ"အပါအဝင်စစ်အာဏာရှင် ဆန့်ကျင်ရေးစာသားတွေ ရေးပြီး ဆန္ဒပြခဲ့ကြပါတယ်။
“ကျနော်တို့အခုလုပ်တာက ၃ ရက် ၃လ ၃ နာရီ စစ်အာဏာရှင်ဆန့်ကျင်ရေးကမ်ပိန်းပါ။ ကျနော်တို့ရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှန်သမျှကို ရဲနဲ့တာဝန်ရှိသူတွေကို အမျိုးမျိုး တားမြစ်နေတယ်။ "အမိန့်အရ"ဆိုပြီးတော့ပေါ့ဗျာ သူတို့က အမိန့်အရဆိုတော့ ကျနော်တို့ လူငယ်တွေကလည်း "သမိုင်းပေးတာဝန်အရ" နည်းမျိုးစုံနဲ့စစ်အာဏာရှင်ကို ဆန့်ကျင် တိုက်သွားမှာပါ။ ကျနော်တို့လူငယ်တွေရဲ့ စုပေါင်းအားနဲ့ နိုင်ငံအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာပါ "လို့ လူငယ်တစ်ဦးက ပြောပါတယ်။
ဒီကမ်ပိန်းနဲ့ပါတ်သက်ပြီး ဒေသခံတစ်ဦးက "အန်တီက မိုးမလင်းစျေးသည်ပါ။ မနက်က ၄ နာရီလောက် ဒီစျေးရှေ့ကဖြတ်သွားတော့ အဝေးကနေ ဒါတွေကို မြင်နေရတယ်။ အစက ဘာမှန်း မသိသေးဘူး။ အနားရောက်မှဆိုင်ကယ်ခဏရပ်ပြီး ကြည့်လိုက်တော့ ဗိုလ်ချုပ်မင်းအောင်လှိုင်ပုံနဲ့ သူ့ကို အလိုမရှိကြောင်းရေးထားတဲ့စာတွေဖြစ်နေတာ လူငယ်တွေကို တကယ်လေးစားပါတယ်။ မနက်ပိုင်း အိပ်ယာထဲမှာရှိနေရမဲ့အချိန် ကိုယ့်နိုင်ငံအတွက် အုပ်တစ်ချပ်သဲတစ်ပွင့်အဖြစ်နဲ့ သတ္တိရှိရှိလှုပ်ရှားနေကြတာကို တကယ်လေးစားမိပါတယ်"လို့ ပြောပါတယ်။
အဆိုပါစစ်အာဏာရှင်ဆန့်ကျင်တဲ့ ရုပ်ပုံတွေနဲ့စာသားတွေကို တာဝန်ရှိသူတွေက မနက် ၈ နာရီဝန်းကျင်မှာ မှုတ်ဆေးဗူးတွေနဲ့ လာရောက်ဖျက်ခဲ့ကြပါတယ်။