ရန်ကုန် အပါအဝင် နိုင်ငံတဝန်း ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် အင်အားသုံး နှိမ်နင်းတာတွေ တိုးမြှင့်လုပ်ဆောင်နေတာကြောင့် သေဆုံး ဒဏ်ရာသူတွေ တွေ့ရှိရတဲ့အတွက် ထိတ်လန့်တုန်လှုပ်မိတယ်လို့ ကနေဒါသံရုံးက ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အုပ်ချုပ်ရေး ပြန်လည်ရရှိဖို့ ဆန္ဒပြပွဲတွေမှာ အသက်ဆုံးရှုံးသွားရသူတွေ၊ ထိခိုက် ဒဏ်ရာရရှိကြရသူတွေနဲ့ ထပ်တူရှိနေတယ်လို့ ဆိုပါတယ်။
လက်နက်မဲ့ ဆန္ဒပြသူတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အင်အားသုံးတာ၊ ဆန္ဒပြသူတွေ၊ နိုင်ငံရေးသမားတွေ၊ အစိုးရ ဝန်ထမ်းတွေ၊ အရပ်ဘက် တက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေနဲ့ ဒီမိုကရေစီ ဘက်တော်သား ခေါင်းဆောင်တွေကို ဖမ်းဆီး ထိန်းသိမ်းတာကိုလည်း ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို တိုက်ခိုက်တာ၊ ခြိမ်းခြောက်တာတွေကို ချက်ချင်း ရပ်တန့်ဖို့နဲ့ ဖမ်းဆီးခံထားရသူအားလုံး လွှတ်ပေးဖို့ ကနေဒါသံရုံးက တောင်းဆိုလိုက်ပါတယ်။
ဒါ့အပြင် ချက်ချင်း အင်တာနက် အပြည့်အဝ ပြန်ပေးဖို့နဲ့ လူမှုကွန်ရက်ဆိုင်ရာ ပိတ်ဆို့ထားမှုတွေကို ပယ်ဖျက်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
ကနေဒါနိုင်ငံက ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပြောကြားထားသလို မြန်မာပြည်သူတွေနဲ့ အတူရပ်တည်မယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံထဲ ရောက်နေတဲ့ ကနေဒါ နိုင်ငံသားတွေအနေနဲ့ အိမ်တွေထဲမှာပဲ သိုသိုသိပ်သိပ် နေထိုင်ကြဖို့၊ ဆန္ဒပြပွဲတွေနဲ့ လူစုလူဝေးတွေ အားလုံးကို ရှောင်ကြဖို့ အခြေအနေ တိုးတက်မှုနဲ့ ပတ်သက်ပြီး ဒေသခံ မီဒီယာတွေကို စောင့်ကြည့် သတင်းယူကြဖို့ ကနေဒါသံရုံးက မြန်မာနိုင်ငံဆိုင်ရာ ခရီးသွားသတိပေးချက်ကို ဖေဖော်ဝါရီ ၂၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။