ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်က CDM လုပ်နေတဲ့ စည်ပင်ဝန်ထမ်းတွေကို ဖေဖော်ဝါရီလအတွက် လစာအပြည့်မပေးပဲ ၇ ရက်စာပဲ ပေးခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၈ ရက်နေ့ကစပြီး ညောင်လေးပင်မြို့နယ် စည်ပင်သာယာရေးဌာက ဝန်ထမ်း ၁၄ ဦးဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတာပါ။
CDM ဝန်ထမ်း ၁၄ ဦးဟာ အမြဲတမ်းဝန်ထမ်းဖြစ်နေတာကြောင့် နေ့စားပုတ်ပြတ်ပေးသလို လစာကို ဖြတ်တောက်ပေးတာဟာ လုပ်ထုံးလုပ်နည်းနဲ့ မညီတာကြောင့် မကျေနပ်ဘူးလို့ CDM စည်ပင်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
CDM လုပ်ခဲ့စဥ်ထဲက လစာကို မထုတ်ယူဖို့ ဆုံးဖြတ်ထားကြတာဖြစ်ပြီး CDM လုပ်နေကြတာကလည်း အလုပ်က ထွက်တာမဟုတ်တာကြောင့် ပြည်သူလူထုထောက်ခံထားတဲ့ ပြည်သူအစိုးရစစ်စစ် ပြန်တက်လာမှသာ ရုံးပြန်တက်သွားမယ်လို့ ဆိုပါတယ်။
အာဏာဖီဆန်ရေး CDM လုပ်ရှားမှုမှာပါတဲ့ ဝန်ထမ်းတစ်ဦးက “ဖေဖော်ဝါရီ ၈ ရက်နေ့ကစပြီ CDM လုပ်တယ်၊ အဲ့အတွက်ကြောင့် ၇ ရက်စာပဲ ပေးတာ လို့ပြောတယ်။ ကျနော်တို့က အစကတည်းက ယူဖို့လည်း အစီအစဥ်မရှိဘူး၊ လစာအပြည့်ပေးလည်း မယူဘူး၊ ခုဟာက လုပ်ထုံးလုပ်နည်းနဲ့မညီလို့ ပြောနေရတာ” လို့ ပြောပါတယ်။
ညောင်လေးပင်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက်မှုတွေဟာ အရှိန်အဟုန်မြင့်လာနေပြီ CDM လုပ်ထားတဲ့ ဝန်ထမ်း ၃၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
သတင်း၊ဓာတ်ပုံ - နေလင်းထိုက်