မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့မှာ ဖမ်းဆီးခံထားရတဲ့ ဆန္ဒပြ လူငယ် ၈ ယောက်ကို ပြန်လွှတ်ပေးဖို့ မြို့မရဲစခန်းရှေ့မှာ မြို့ခံပြည်သူတွေက ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ်ပိုင်းကနေ အခုအချိန်ထိ တောင်းဆို ဆန္ဒပြနေကြပါတယ်။
ဆန္ဒပြရာမှာ ပါဝင်ပြီး လွတ်မြောက်လာတဲ့ မိန်းကလေးတစ်ယောက်က “မနက်ပိုင်း ၈ နာရီကျော်လောက်မှာ လူစုပြီးတော့ မင်းဘူးပြည်သူ့ဆေးရုံရှေ့မှာ အေးအေးချမ်းချမ်း ဆန္ဒပြနေတာကို နောက်ကနေပြီးတော့ အရပ်ဝတ် ဝတ်ထားတဲ့သူတွေအပါဝင် ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ဖမ်းဆီးတာ ဖြစ်တယ်” လို့ ပြောပါတယ်။
သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက “မင်းဘူးဆေးရုံရှေ့မှာ ဆေးရုံဖွင့်တာကို တွေ့ပြီး CDM မလုပ်တဲ့အတွက် ဆေးရုံရှေ့ ခြံစည်းရိုးမှာ လူစုလူဝေးနဲ့ ဆန္ဒပြတာကြောင့် ဝန်ထမ်းတွေက ကြောက်လို့ဆိုပြီး တိုင်ကြားတဲ့အတွက် အရေးယူတာဖြစ်တယ်” လို့ ပြောပါတယ်။
လက်ရှိအခြေနေမှာတော့ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းလုပ်ဆောင်နေပြီးတော့ ဆန္ဒပြသူတွေကလည်း ဖမ်းဆီးခံရတဲ့ လူငယ် ၈ ယောက် ပြန်မလွတ်မချင်း ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။
သတင်း-မင်းထီး