ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အောင်နန်း RC ဘုရားကျောင်းရှေ့မှာ မနေ့ည ၈ နာရီကျော်လောက်က စစ်ကားယာဉ်တန်းကို ထွက်ကြည့်တဲ့ ကလေးငယ်တွေကို တပ်မတော်ယာဉ်ပေါ်ကနေ လေးခွနဲ့ လှမ်းပစ်လိုက်တာကြောင့် ၅ နှစ်အရွယ် ကလေးတစ်ဦး ဦးခေါင်း ပေါက်ပြဲဒဏ်ရာ ရရှိသွားပါတယ်။
“ည ၈ နာရီကျော်လောက်က ဆိုင်တံစက်မြိတ်ရှေ့မှာ ကလေး ၃ ယောက်ဆော့နေတာ လူကြီးတွေလည်း ရှိတယ်။ စစ်ကား အစီး ၃၀ လောက်ဖြတ်လာတာ။ ရပ်ကြည့်နေတုန်း ရှေ့က ကားတွေက ဘာမှမလုပ်ဘူး။ နောက်ဆုံးက ကားတွေက ဆိုင်ကိုကျော်သွားပြီးတော့မှ လေးခွနဲ့ လှမ်းပစ်တာ။ တစ်ချက်က ကားမှန်ကိုထိသွားတယ်။ နောက်တချက်က ကလေး နောက်စေ့ကို မှန်တာ ခေါင်းပေါက်သွားတယ်” လို ဦးလေးဖြစ်သူက ပြောပါတယ်။
လေးခွနဲ့ပစ်ခံရတဲ့ ကလေးငယ်ဟာ လေးခွ ထိမှန်ချိန်မှာ သွေးထွက်လွန်လာတဲ့အတွက် အော့အန်တာတွေရှိပြီး သတိလစ်သွားတဲ့အတွက် လူနာတင်ယာဉ်ခေါ်ပြီး ပုဂ္ဂလိကဆေးရုံ တင်လိုက်ရကာ လေးချက် ချုပ်လိုက်ရတယ်လို့လည်း ဦးလေးဖြစ်သူက ပြောပါတယ်။
မြစ်ကြီးနားမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး အထွေထွေသပိတ်အတွင်း ကင်မရာတွေ ဖုန်းတွေနဲ့ ဓာတ်ပုံရိုက်သူတွေနဲ့ မီဒီယာသမားတွေကိုလည်း စစ်တပ်က လေးခွနဲ့ပစ်ခတ်တာတွေ ရှိပါတယ်။