ပြည်သူလူထုသဘောထားနဲ့ ဆန့်ကျင်ပြီး အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို နိုင်ငံတဝန်းက ပြည်သူတွေက သပိတ်မှောက်တဲ့အနေနဲ့ ၂ ငါးလုံး အထွေထွေသပိတ်ကြီး ပြုလုပ်နေရာမှာ ရန်ကုန်မြို့မှာတော့ ကုန်တိုက်တွေ၊ စူပါမတ်ကတ်တွေ၊ ဈေးတွေ ၊ ဈေးဆိုင်တွေလည်း ပိတ်ပြီး ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ရန်ကုန်မြို့ရှိ Ocean၊ City Mart၊ Market Place၊ ဂမုန်းပွင့်၊ စိန်ဂေဟာ စတဲ့ စူပါမတ်ကတ်တွေက ဖေဖော်ဝါရီ ၂၂ ရက်ကို တရားဝင်ပိတ်ရက်အဖြစ် ကြေညာထားသလို ၂၄ နာရီဖွင့်တဲ့ဆိုင်တွေ၊ ကုန်စုံဆိုင်တွေနဲ့ တချို့မြို့နယ်တွေမှာ တခြားရပ်ကွက်ထဲက ဆိုင်တွေအတော်များများပါ ပိတ်ထားကြပါတယ်။
စစ်အာဏာရှင် စနစ်ဖြုတ်ချရေးကို ပူးပေါင်းပါဝင်တဲ့အနေနဲ့ ဈေးဆိုင်တွေဟာ ကိုယ့်သဘောနဲ့ ကိုယ်ပိတ်ထားခဲ့ကြတာဖြစ်ပါတယ်။
ဒါပေမဲ့ ဆန္ဒဖော်ထုတ်သူတွေအတွက် စားသောက်စရာတွေကိုတော့ ပြည်သူတွေက လှူဒါန်းခဲ့ကြပါတယ်။ ဒါ့အပြင် ရွေ့လျားဈေးသည်တချို့ကတော့ ရဲနဲ့ စစ်သားကို ဈေးမရောင်းပါ ဆိုတဲ့ ကမ်ပိန်းပြုလုပ်ပြီး ဆန္ဒဖော်ထုတ်နေတာတွေလည်း ရှိပါတယ်။
ပြည့်ဘုန်းအောင်