ကရင်ပြည်နယ်၊ ဘားအံမြို့မှာ လူဦးရေ ၃ သိန်းကျော်ပါဝင်တဲ့ မြန်မာ့နွေဦးတော်လှန်ရေး သပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် ငြိမ်းချမ်းစွာ စီးတန်းလှည့်လည်ပြီး ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
စစ်အာဏာရှင် ပြုတ်ကျရေးအတွက် မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်လုံးကျွတ် သပိတ်မှောက်ဆန္ဒပြတဲ့နေ့ ဖြစ်ပါတယ်။
ဆန္ဒပြပွဲမှာ ပါဝင်သူ တစ်ဦးက" ဒီနေ့ ဆန္ဒထုတ်ဖော်ပွဲက စစ်အာဏာရှင်က ဖိလေ ကြွလေဆိုတာ ပြလိုက်တာ။ ဖိမထားနဲ့။ လုံးဝလက်မခံနိုင်ဘူး။ ဒီမိုကေရစီ နိုင်ငံစစ်စစ်ကိုပဲ ပြည်သူတစ်ယောက်အနေနဲ့ လိုချင်တယ်။ CDM မှာ မပါဝင်သေးတဲ့ ဝန်ထမ်းတွေကို အခု လာတဲ့လူတိုင်းက ကိုယ်သဘောနဲ့ကိုယ့် လာနေတဲ့သူတွေကြီးပဲဆိုတာရယ်။ အားလုံးအတွက် လုပ်နေတယ်ဆိုတဲ့ တိုက်ပွဲကို အတူတကွ ပူးပေါင်းပါဝင်ပေးဖို့ တောင်းဆိုချင်တယ်"လို့ ပြောပါတယ်။
ဆန္ဒပြသပိတ်စစ်ကြောင်းဟာ နာရီစင်စုရပ်ကနေ ဗိုလ်ချုပ်လမ်းအတိုင်း ကော့ကရိတ်အထွက် လမ်းဆုံအထိ ကြွေးကြော်သံတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။
သပိတ်စစ်ကြောင်းမှာ ဆရာ ဆရာမတွေ ၊ ကျောင်းသားကျောင်းသူတွေ၊ အင်ဂျင်နီယာတွေ၊ ဌာနဆိုင်ရာတွေ၊ မြို့ခံပြည်သူတွေ၊ မသန့်စွမ်းတွေနဲ့ မြို့နယ်အတွင်း ကျေးရွာတွေက ဒေသခံတိုင်းရင်းသားပြည်သူ အင်အား ၃ သိန်းကျော်က ငြိမ်းချမ်းစွာဆန္ဒပြခဲ့ပါတယ်
ဆန္ဒပြသပိတ်စစ်ကြောင်း ချီတက်ရာလမ်းမှာ ရဲတပ်ဖွဲ့ဝင်တွေ၊ တပ်မတော်သားတွေ လုံခြုံရေးယူစောင့်ကြည့်နေပေမဲ့ လူစုခွဲဟန့်တာတော့ မရှိခဲ့ပါဘူး။